ကချင်လူမျိုး MMA ကစားသမား အောင်လအန်ဆန်အနေဖြင့် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့် မကျေပွဲကို ပြန်လည်ထိုးသတ်ခွင့်ရဖွယ်မရှိသေးဘဲ ကြားပွဲအဖြစ် ဂျပန် MMA ကစားသမား ယူရှင်အိုကာမီနှင့် ကြားပွဲတစ်ပွဲ ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း SCMP က ဖော်ပြခဲ့သည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက SCMP နှင့် သီးသန့်တွေ့ဆုံကာ အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် အောင်လအန်ဆန်နှင့် ယူရှင်အိုကာမီတို့၏ ကြားပွဲအကြောင်း ပါဝင်ခဲ့သည့်ဆောင်းပါးကို SCMP က ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ပရိသတ်တွေဟာ ငြီးငွေ့စရာကောင်းတဲ့ပြိုင်ပွဲတွေကို မမှတ်မိတတ်ကြပါဘူး။ (ဒီရစ်ဒါနဲ့ ပွဲကိုဆိုလိုခြင်းဖြစ်) ဒါပေမဲ့ ကျွန်တော့်ရဲ့ပန်းတိုင်က ဒီရစ်ဒါဆီကနေ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်ယူဖို့အတွက်ကလွဲပြီး တခြားမရှိပါဘူး။ ပရိသတ်တွေဟာ ပိုကောင်းတဲ့ပြိုင်ဘက်တွေ တွေ့ဆုံကြတဲ့ပွဲတွေကိုပဲ ကြည့်ရှုလိုတဲ့ ဆန္ဒရှိကြပါတယ်။ ကျွန်တော့် အနေနဲ့ကလည်း ချန်ပီယံဆုကို ပြန်ယူဖို့အတွက်ဆိုရင်တော့ ကြားထဲမှာ နောက်ထပ် နှစ်ပွဲ၊ သုံးပွဲ ယှဉ်ပြိုင်ရဦးမယ်ဆိုရင်လည်း ငြင်းမှာ မဟုတ်ပါဘူး။ ယှဉ်ပြိုင်သွားဖို့ ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ" ဟု အောင်လအန်ဆန်က SCMP သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန် MMA ကစားသမား ယူ ရှင်အိုကာမီနှင့်ပွဲစဉ် ဖြစ်လာနိုင်ဖွယ်ရှိ၊ မရှိ နှင့်ပတ်သက်ပြီး အောင်လအန်ဆန်က " ဖြစ်ခဲ့မယ်ဆိုရင်လည်း ကောင်းမွန်တဲ့ပွဲတစ်ပွဲ ဖြစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းမှာပါ။ ကျွန်တော်က အမြဲတမ်းစိတ်လှုပ်ရှားမှုနဲ့ဖျော်ဖြေ မှုပေးနိုင်တဲ့ ပွဲစဉ်တွေမှာ ပါဝင်ချင်တဲ့သူ ဖြစ်ပါတယ်။ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ဒါဟာ စိတ်လှုပ်ရှားရတဲ့ပွဲစဉ်ဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၀ မှ ၂၀၂၁ ဧပြီလအထိ ခြောက်လတာ ကာလအတွင်း သူ၏ ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုနှင့် ONE လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုတို့ကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါဆီ လွှဲပြောင်းခဲ့ရသူဖြစ်သည်။ အဆိုပါပွဲစဉ်များအပြီးတွင် အောင်လအန်ဆန်အနေဖြင့် ဒီရစ်ဒါနှင့် Rematch ပြန်ရရန်အတွက် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ မသေချာသေးသောအခြေအနေနှင့် ရင်ဆိုင်နေရပြီး ကြားကာလတွင် ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုနှင့် ထိုးသတ်ခဲ့ရပြီး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
လက်ရှိတွင် အောင်လအန်ဆန်၏ ပြိုင်ဘက်အဖြစ် ရေပန်းစားနေသော ယူရှင်အိုကာမီမှာ UFC မှပြောင်းလာသော ဖိုက်တာတစ်ဦးဖြစ်ပြီး ONE တွင် သုံးပွဲထိုးသတ်ပြီး နှစ်ပွဲ ရှုံး၊ တစ်ပွဲ နိုင်ထားသူဖြစ်သည်။















