မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်အသင်းတွင် တစ်ဦးချင်းကောင်းမွန်သည့် ကစားသမားများစွာရှိသော်လည်း မြန်မာအသင်းသည်လည်း အသင်းကောင်းတစ်သင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်း လက်ရွေးစင်အသင်းတို့သည် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် ပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အွန်တွမ်နီဟေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူတို့(ထိုင်း)မှာ တစ်ဦးချင်းကောင်းမွန်တဲ့ ကစားသမားကောင်းတွေများစွာရှိတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကလည်း အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ဖြန်ကစားရမယ့် ပွဲမှာ ထိုင်းကို ဘယ်လိုပုံစံနဲ့ရင်ဆိုင်ရမလဲဆိုတာကိုတွေ့မြင်ကြရမှာပါ" လို့ အန်တွမ်နီဟေးက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အုပ်စုတွင်းနှစ်ပွဲကစားပြီးချိန်တွင် ရမှတ်သုံးမှတ်ရရှိထားသော်လည်း အုပ်စုအဆင့်မှ တက်ရောက်နိုင်ရန်အတွက် ထိုင်းအသင်းကို မဖြစ်မနေ ကျော်ဖြတ်ရန်လိုအပ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ "ကျွန်တော်တို့ အသင်းဟာ အုပ်စုကျပ်ထဲမှာ ကျရောက်နေခဲ့တာပါ။ ဒီအုပ်စုထဲကနေ ရုန်းထွက်နိုင်ဖို့ တော်တော်ခက်ပါတယ်။ ဒါကြောင့် အမှန်တကယ်တမ်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဆင့်ကိုကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင်တော့ မနက်ဖြန်ပွဲကို အနိုင်ကစားဖို့လိုအပ်ပါတယ်"ဟု အန်တွမ်နီဟေးက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အန်တွမ်နီဟေးက "ထိုင်းမီဒီယာတွေက သူတို့အသင်းဟာ ဗိုလ်လုပွဲမှာ ဗီယက်နမ်အသင်းနဲ့ တွေ့ဆုံလိမ့်မယ်လို့ ဖော်ပြနေကြတာတွေကို ကျွန်တော် ဖတ်ရပါတယ်။ ဒါပေမဲ့ ထိုင်းအသင်းရဲ့ ပထမဦးဆုံးပွဲကိုကြည့်ပြီးနောက် ဒီပြိုင်ပွဲမှာ သူတို့ထက်ပိုကောင်းတဲ့ အသင်းတွေရှိတာကို ကျွန်တော် တွေ့ရပါ တယ်"ဟု ထိုင်းအသင်းနှင့်ပတ်သက်၍ သူ၏အမြင်ကို အန်တွမ်နီဟေးက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမပွဲစဉ်တွင် အိမ်ရှင် စင်ကာပူအသင်းကို (၃-၀)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အုပ်စုဒုတိယပွဲစဉ်တွင် တီမောအသင်းကို ပြန်လည်အနိုင်ရခဲ့ပြီးနောက် အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက် ရှိလာခဲ့ခြင်းဖြစ်သည်။















