■ စီရော်နယ်လ်ဒိုအား မန်ယူအသင်းသို့ ပြန်လည်ရောင်းချခဲ့သည့် အပြောင်းအရွှေ့အတွက် စစ်ဆေးခံနေရကြောင်း ဂျူဗင်တပ်စ် ထုတ်ပြန်

■ စီရော်နယ်လ်ဒိုအား မန်ယူအသင်းသို့ ပြန်လည်ရောင်းချခဲ့သည့် အပြောင်းအရွှေ့အတွက် စစ်ဆေးခံနေရကြောင်း ဂျူဗင်တပ်စ် ထုတ်ပြန်
Photos: Man Utd, Cristiano Ronaldo Facebook
Photos: Man Utd, Cristiano Ronaldo Facebook
Published 6 December 2021

ဘဏ္ဍာရေးစာရင်းလိမ်လည်မှု ဖြင့် စုံစမ်းစစ်ဆေးခံနေရသည့် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းက ယခုနွေရာသီတွင် စီရော်နယ်လ်ဒိုအား မန်ယူအသင်းသို့ ရောင်းချခဲ့သည့် အပြောင်းအရွှေ့အတွက် စစ်ဆေးခံနေရကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

အီတလီအာဏာပိုင်များသည် ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း သံသယဖြစ်ဖွယ် ဖောင်းပွခဲ့သည့် ယူရို ၂၈၂ သန်းတန်ဖိုးရှိ ကစားသမားအပြောင်းအရွှေ့များကို အောက်တိုဘာလတွင် စတင်စစ်ဆေးခဲ့ပြီး အီတလီဘဏ္ဍာရေးရဲတပ်ဖွဲ့ (Guardia di Finanza) က တူရင်နှင့် မီလန်မြို့ရှိ ဂျူဗင်တပ်စ်အသင်း၏ရုံးခန်းများကို နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်တွင် နှစ်ရက်ဆက်တိုက် ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဘဏ္ဍာရေးစာရင်းကိစ္စအတွက် ကစားသမားများ၏တန်ဖိုးကို မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်သည်ဟု သံသယဖြစ်ခြင်း၊ ဘဏ္ဍာရေးမျှခြေဖြစ်စေရန် ကစားသမားများ အလဲအလှယ်ပြုလုပ်ခြင်းစသည့် အချက်နှစ်ချက်ကြောင့် စစ်ဆေးခံနေရခြင်းဖြစ်ပြီး ယင်းကဲ့သို့စစ်ဆေးရာတွင် စီရော်နယ်လ်ဒို၏အပြောင်းအရွှေ့လည်း ပါဝင်နေခြင်းဖြစ်သည်။

ယင်းအပြောင်းအရွှေ့အတွက် စစ်ဆေးခံနေရခြင်းနှင့်ပတ်သက်၍ ဂျူဗင်တပ်စ်အသင်းက ''တူရင်တရားရုံးရဲ့ အစိုးရရှေ့နေတွေက ကလပ်အသင်း၊ လက်ရှိတာဝန်ယူထားသူတချို့ (အန်ဒရီယာအက်ဂ်နယ်လီ၊ ပေဗယ်နက်ဗက်၊ စတီဖာနိုချာရာတို၊ ချီဆာရီဂါဘာဆီယို) နဲ့ ဝန်ထမ်းဟောင်းတွေကို စုံစမ်းစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှာဖွေမှုနဲ့ သိမ်းဆည်းမှုအသစ်လုပ်ဖို့ ညွှန်ကြားစာလက်ခံရရှိထားတယ်ဆိုတာ ကြေညာချင်ပါတယ်။ ဒီစွပ်စွဲမှုတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်မှာ ထုတ်ပြန်ပေး ခဲ့တာတွေနဲ့ အတူတူပါပဲ။ သူတို့ရဲ့စစ်ဆေးမှုထဲမှာ ၂၀၂၁၊ ဇွန် ၃၀ ရက်အထိ အပြီးသတ်ရောင်းချမှုအတွက် စာရင်းရှင်းတမ်းပါဝင်လို့ ဒေါ့ဆန်းတို့စ်အေဗီရို ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ရောင်းချခဲ့တဲ့ကိစ္စလည်း ပါဝင်တယ်ဆိုတာ ဂျူဗင်တပ်စ်အနေနဲ့ အတည်ပြုပါတယ်။ ကြေညာထားပြီးဖြစ်တဲ့အတိုင်း ကုမ္ပဏီအနေနဲ့ စုံစမ်းစစ်ဆေးသူတွေ၊ CONSOB တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ငွေကြေးဆိုင်ရာ အစီရင်ခံစာများ ပြင်ဆင်ခြင်းဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ဆောင်ရွက်ခဲ့တယ်လို့ ယုံကြည်တာကြောင့် ဘယ်ကဏ္ဍမဆို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်''ဟု သောကြာနေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၈ ခုနှစ် နွေရာသီတွင် စီရော်နယ်လ်ဒိုအား ရီးယဲလ်မက်ဒရစ်အသင်းမှ Add-ons ကြေး ယူရို ၁၂ သန်းအပါအဝင် ယူရိုသန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့ပြီး သုံးနှစ်အကြာ ယခုနှစ်နွေရာသီတွင် အသင်းဟောင်း မန်ယူသို့ ယူရို ၁၄ သန်း၊ Add-ons ကြေး ယူရိုရှစ်သန်းဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယင်းဖြစ်ရပ်များအတွက် အပြစ်ရှိကြောင်းတွေ့ရှိပါက ကြီးလေးသည့်ဒဏ်ကြေးအပြင် တန်းဆင်းပြစ်ဒဏ်နှင့် နိုင်ငံတကာပြိုင်ပွဲများမှ ထုတ်ပယ်ခံရသည့်ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ရှယ်ယာများကို မီလန်စတော့အိတ်ချိန်းတွင် ရောင်းချထားသဖြင့် အပြောင်းအရွှေ့ကိစ္စနှင့် ဝင်ငွေစာရင်းများမှာ အီတလီဘဏ္ဍာရေးရဲတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အခြားစစ်ဆေးခံရသည့်ကလပ်များထက် အန္တရာယ် ပိုရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၀၆ ခုနှစ်ကလည်း လုပ်ပွဲအရှုပ်တော်ပုံပြဿနာကြောင့် တန်းဆင်းပြစ်ဒဏ် ကျခံရဖူးပြီး စီးရီးအေချန်ပီယံဆု နှစ်ကြိမ်ကိုလည်း ပယ်ဖျက်ခံခဲ့ရသည်။

ထိုစဉ်က လုပ်ပွဲပြဿနာတွင် ဂျူဗင်တပ်စ်နှင့်အတူ ငါးသင်း ပါဝင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စီးရီးဘီသို့ တန်းဆင်းခဲ့ရသလို ၂၀၀၅ ချန်ပီယံဆု ပယ်ဖျက်ခံရကာ ၂၀၀၆ ချန်ပီယံဆုကို အင်တာမီလန်အသင်းထံ လွှဲပြောင်းပေးခဲ့ရဖူးသည်။

Most Read

Most Recent