COVID-19 ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်များဖြစ်သည့် အယ်ဖာ၊ဒယ်တာ၊ ဂမ်မာ၊ ဘီတာဗိုင်းစ်ရပ်များက ကမ္ဘာ့ဒေသအနှံ့အပြားရှိ နိုင်ငံများကို ကူးစက်ပျံ့နှ့ံမှုကြောင့် နိုင်ငံအသီးသီးတွင် ယင်းရောဂါ ကူးစက်ခံရမှု၊ ရောဂါအပြင်းအထန်ခံစားရမှုနှင့် သေဆုံးမှု စသည့်ဆိုးကျိုးများကို ကြုံ တွေ့ ခံစားခဲ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသည့် Variant of Concern ဖြစ်သည့် ယင်းဗိုင်းရပ်စ်လေးမျိုးအနက် ဒယ်တာဗိုင်းရပ်စ်နှင့် ယင်း၏မျိုးကွဲများက ကမ္ဘာ့ နေရာဒေသအများစုတွင် ကူးစက်ပျံ့နှ့ံ လျက်ရှိပြီး ရောဂါခံစားရမှုလည်း အပြင်းထန်ဆုံး ဖြစ်စေသည်။ COVID-19 ရောဂါ ကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာများသည် နှစ်နှစ်ကျော်ကြာ ထိခိုက်ခဲ့ရပြီး ကာကွယ်ဆေးများထိုးနှံလာမှုကြောင့် ရောဂါကူးစက်မှု ဟန့်တားနိုင်ခဲ့ပြီး နိုင်ငံအများစုတွင် ပြည်တွင်းပြည်ပခရီးသွား လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။
သို့သော်လည်း COVID-19 ရောဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်များကို ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် စည်းမျဉ်း စည်းကမ်းများဖြင့် နိုင်ငံတိုင်းတွင် ထိန်းချုပ်ဟန့်တားနေစဉ်မှာ ဗီဇပြောင်းလဲမှု အများအပြားရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို မိမိတို့တွေ့ရှိခဲ့သည်ဟု နိုဝင်ဘာ၂၅ ရက် တွင် တောင်အာဖရိကရှိ သိပ္ပံပညာရှင်များ က ထုတ်ဖော်ပြောကြားခဲ့ကြသည်။
■ အာဖရိတိုက်က စတင်ခဲ့သည့် ကိုနာရိုမျိုးကွဲ Omicron ဗိုင်းရပ်စ်
အာဖရိကတိုက်၏ ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံးကူးစက်မှုဖြစ်ပွားရာ တောင်အာဖရိကနိုင်ငံတွင် နေ့စဉ်ကူးစက်မှုအရေအတွက်သည် ယခုလအစပိုင်းမှ စတင်ကာ ၁၀ ဆတိုးလာခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် တောင်အဖရိက သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ် မျိုးကွဲသစ်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့ကြသည်။
တောင်အာဖရိကတွင် နိုဝင်ဘာ၂၄ ရက် က Omicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်ဂျီယမ်၊ ဟောင်ကောင်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း ယင်းမျိုးကွဲကူးစက်မှုများကို တွေ့ရှိခဲ့သည်။
သိပ္ပံဆိုင်ရာ အညွှန်း B.1.1.529 ဟု ပေးထားသော မျိုးကွဲသည် ဗီဇပြောင်းလဲမှု အများအပြားရှိနေသည်ဟု ၎င်းက ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ထင်ရှားသိသာသော ဒယ်တာမျိုးကွဲကဲ့သို့ ၎င်းကို ဂရိမျိုးကွဲအမည်ပေးမည်ဟု ဖြည့်စွက် ပြောကြားသည်။
ယင်းမျိုးကွဲသစ်တွေ့ရှိမှုကို WHO က အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့ပြီး ယင်းဗိုင်းရပ်စ်ကို စိတ်ဝင်စားစရာ မျိုးကွဲဗိုင်းရပ်စ် သို့မဟုတ် စိုးရိမ်စရာမျိုးကွဲဗိုင်းရပ်စ်အဖြစ် သတ်မှတ်ရန် သင့်၊ မသင့်ဆိုသည်ကို ဆုံးဖြတ်ရန် နိုဝင်ဘာ၂၆ ရက်တွင်တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တောင်အာဖရိကတွင် နောက်ဆုံး တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ B.1.1.529 ကို Omicron ဟုအမည်ပေးခဲ့ပြီး စိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်းခဲ့သည်။
“ဒီဗိုင်းရပ်စ်မျိုးကွဲမှာ သန္ဓေပြောင်းတဲ့ ဖြစ်စဉ်အများအပြားရှိပြီး တချို့သန္ဓေပြောင်းမှုတွေက စိုးရိမ်ဖွယ်ကောင်းပါတယ်” ဟု WHO က စိုးရိမ်ဖွယ်ဝိသေသလက္ခဏာများကို ထောက်ပြပြောကြားခဲ့သည်။
ထို့ကြောင့် COVID-19နှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ် မှတ်ထားသည့် စိုးရိမ်စရာမျိုးကွဲ(Variant of Concern) ငါးခုရှိလာခဲ့ပြီး Delta, Alpha, Gamma, Beta နှင့် Omicron ဗိုင်းရပ်စ် ဆိုပြီး သတ်မှတ်ထားခဲ့သည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် အခြား ဗိုင်းရပ်စ်မျိုးကွဲများထက် ကူးစက်နိုင်သည့် အန္တရာယ်ပိုမိုမြင့်မားပုံပေါ်သည်ဟု WHO က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် တောင်အာဖရိက ၏ နေ့အလိုက်ကူးစက်ခံရသူအရေအတွက် သည် ၁၂၀၀ ရှိခဲ့ရာ ယခုလအစောပိုင်းတွင် ကူးစက်ခံရသူ အရေအတွက်ထက် ၁၆၀ ပို များလာခြင်းဖြစ်သည်။ တောင်အာဖရိကကို စတုတ္ထကူးစက်မှုလှိုင်းလာမည်ဟု အာဏာ ပိုင်များကခန့်မှန်းခဲ့သည်။
WHO ၏နောက်ဆုံးသတင်းထုတ်ပြန် ချက်၌ Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်သည် လူတစ်ဦးမှတစ်ဦးကို အလွန်လျင်မြန်စွာကူး စက်ပျံ့နှံ့ခြင်း ရှိ၊မရှိ သို့မဟုတ် ယင်းမျိုးကွဲသစ်သည် အခြားမျိုးကွဲများနှင့်နှိုင်းယှဉ်လျှင်ရောဂါ အခြေအနေပိုမိုပြင်းထန်နိုင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဖော်ပြ ခဲ့သည်။
“လက်ရှိမှာတော့ Omicron နဲ့ ဆက်နွှယ် ပြီး ရောဂါလက္ခဏာတွေဟာ အခြားဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ကွာခြားမှု ရှိ၊ မရှိ အကြံပြုချက် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးပါဘူး”ဟု WHO က ဆိုသည်။
ထို့ကြောင့် နိုင်ငံများအနေဖြင့် ယင်းမျိုး ကွဲနှင့်ပတ်သက်ပြီး အနီးကပ်လေ့လာစောင့် ကြည့်ရန်၊ နောက်ဆက်တွဲ ဖြစ်စဉ်များအနက် လေ့လာတွေ့ရှိချက်များကို သတင်းထုတ်ပြန် ကြရန် WHO က တိုက်တွန်းခဲ့သည်။
■ Omicron ၏ ကူးစက်နှုန်း မြန်ဆန်မှုနှင့် ခရီးသွား ကန့်သတ်လာမှုများ
Omicron မျိုးကွဲသစ်နှင့် ပတ်သက်၍ ကူးစက်မှုနှုန်း၊ ကာကွယ်ဆေး၏ ထိရောက်မှုနှုန်း၊ ပြန်လည်ခံစားရမှုနှုန်းနှင့် Omicron မျိုးကွဲ ၏ အခြားဂုဏ်သတ္တိများကို သေချာစွာ မသိရှိသေးကြောင်း ဥရောပရောဂါ ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးစင်တာ (ECDCD)က လေ့လာအကဲဖြတ်မှုစစ်တမ်းတွင် ဖော်ပြခဲ့ သည်။
ယင်း Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ဥရောပအတွက် အန္တရာယ်မြင့်မားသည့် အခြေအနေမှ အလွန်အန္တရာယ်မြင့်မားသည့် အခြေအနေအထိရှိကြောင်း EU ကျန်းမာရေးအေဂျင်စီက နိုဝင်ဘာ ၂၆ ရက်တွင် သတိ ပေးပြောကြားခဲ့သည်။
Omicron စတင်တွေ့ရှိအတည်ပြုပြီး နောက် တောင်အာဖရိက၊ ဘော့ဆွာနာ၊ နယ် သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ဟောင်ကောင်၊ ကနေဒါ၊ အစ္စရေး၊ ဒိန်းမတ်၊ သြစတြီးယား၊ ဆွီဒင်၊ ဘယ်လ်ဂျီယမ်၊ ချက်၊ စပိန်တို့ပါဝင်သည့် ကမ္ဘာတစ်ဝန်းနိုင်ငံဒေသပေါင်း ၁၇ ခုကို ပျံ့နှံ့ ရောက်ရှိ ခဲ့သည့်အပြင် အာရှဒေသအတွင်း နိုင်ငံများတွင်လည်း ကူးစက်ခံရသူများရှိ လာခဲ့သည်။
နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီ ဇခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဗိုင်းရပ်စ်အတည်ပြု လူနာများ၏ ထိတွေ့မှုကို ခြေရာခံခြင်းတို့အ ပြင် လူအများအား ကူးစက်ခံရသည့်နိုင်ငံများ သို့ ခရီးသွားလာခြင်းမပြုကြရန် အေဂျင်စီက နိုင်ငံများအား တိုက်တွန်းခဲ့သည်။
နိုင်ငံအများအပြားသည် နိုဝင်ဘာ ၂၆ ရက်တွင် Omicron ကူးစက်ပျံ့နှံ့မှုကို လျှော့ ချနိုင်ရန် လေကြောင်းခရီးစဉ်များ တားမြစ် ပိတ်ပင်မှုကို အလျင်အမြန်လုပ်ဆောင်ခဲ့ သည်။
Omicron ဗိုင်းရပ်စ်က ဒယ်တာမျိုးကွဲ ဗိုင်းရပ်စ်ထက် ကူးစက်မှုပိုမိုမြန်ဆန်ပြီး လက်ရှိ ထိုးနှံနေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ပိုမိုခံနိုင်ရည်ရှိနေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီး နောက် မျိုးကွဲဗိုင်းရပ်စ်သစ်နှင့် ပတ်သက်၍ စိုးရိမ်မှု ကြီးထွားလာသောကြောင့် ဗြိတိန် က တောင်အာဖရိကနိုင်ငံနှင့် အခြားတောင် ပိုင်း အာဖရိကနိုင်ငံငါးနိုင်ငံတို့မှ ခရီးသွား လာမှုအားလုံးကို ပိတ်ပင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်၊ ဗြိတိန် အပါအဝင် ဥရောပနိုင်ငံများနှင့် နိုင်ငံအချို့သည် တောင်အာဖရိကသို့ သွားရောက်မည့် ခရီးစဉ်များနှင့် တောင်အာဖရိကမှ ရောက်ရှိလာမည့် ခရီးစဉ်များကို တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ကြပြီး အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံများ ဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့် နိုင်ငံများကလည်း တောင်အာဖရိ ကနိုင်ငံများ လာရောက်မည့် ခရီးစဉ်များကို ကန့်သတ်ပိတ်ပင်ခဲ့ကြသည်။
ယင်းသို့ ခရီးသွားလာမှုများကို ပိတ်ပင် ကန့်သတ်မှုများက နှစ်နှစ်နီးပါးကြာ ကိုဗစ် ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးနာလန်ထူ ရေးကို ပြန်လည်ထိုးနှက်မှုများရှိလာခဲ့သည်။
အာဖရိကရှိ WHO အကြီးအကဲက နိုင်ငံများအနေဖြင့် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုကို ထိန်းချုပ်နေချိန်တွင်လေကြောင်းခရီးစဉ်များကို တားမြစ်မှုထက် သိပ္ပံ နည်းကျ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက် တွန်းပြောကြားခဲ့သည်။
“လက်ရှိကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ နေရာ အနှံ့အပြားမှာ Omicron မျိုးကွဲသစ်ကူးစက် ပျံ့နှံ့နေခြင်းနဲ့အတူ အာဖရိကကို ပစ်မှတ်ထား ပြီး ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ချက်တွေ ဟာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါတယ်။ဒီကန့်သတ်ချက်ဟာအသက်ရှင်နေထိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်း တွေအပေါ်ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်”ဟု WHO ၏အာဖရိက ဒေသဆိုင်ရာ ညွှန် ကြားရေးမှူးချုပ် မက်ရှီဒီဆိုမိုးတီက ပြောကြား ခဲ့သည်။
မျိုးကွဲဗိုင်းရပ်စ်ပျံ့နှံ့မှုက ချက်ချင်းအားဖြင့် သက်ရောက်နေသော ဒေသများကို ကျော်လွန်၍ကန့်သတ်ချက်များ ချမှတ်မည်ကို စိုးရိမ်သဖြင့် လေကြောင်းလိုင်းကြီးများသည် Omicron ကိုရိုနာမျိုးကွဲဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိခဲ့သည့် တောင်အာဖရိကမှ ခရီးသွားများကို ပိတ်ပင်ကာ ၎င်းတို့၏ အချက်အချာနေရာများကို လျင်မြန်စွာ အကာအကွယ် ပေးရန်ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးနှင့်သက်ဆိုင်သော ပူပန်မှုများက လူတို့၏ အလုပ်ဆင်းလိုစိတ်ကို လျော့ကျစေနိုင်ရာ ယင်းသည် လုပ်သားစျေးကွက်၌ တိုးတက်မှုနှေးကွေးစေမည်ဖြစ်ပြီး ကုန်စည်ထုတ်လုပ်ဖြန့်ချိမှုလုပ်ငန်းစဉ် အ နှောင့်အယှက်များကို တိုးလာစေမည်ဟု အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပါဝဲလ်က ပြောကြားသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ပြည်သူများ ထိတ်ထိတ်ပျာပျာ မဖြစ်ရန် တိုက်တွန်းပြောကြားခဲ့ပြီး ကာကွယ်ဆေးအသစ်များ လိုအပ်လာမည်ဆိုပါက အစိုးရအနေဖြင့် အရေးပေါ်အစီအမံများကို ချမှတ်ရန် ဆေးဝါးကုမ္ပဏီများနှင့်အတူ ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ယခုဆောင်းတွင်း၌ လော့ဒေါင်းများကို ပြန်ချမည်မဟုတ်ဟု ဘိုင်ဒင်က ပြောကြားခဲ့သော်လည်း ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန်၊ ထပ်တိုးဆေးများ ထိုးနှံကြရန်၊ နှာခေါင်းစည်းတပ်ရန် တိုက်တွန်းခဲ့သည်။
ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသော ပြည်သူများအကြားတွင် ကိုရိုနာဗိုင်းရပ်စ်ကို လွတ်လပ်စွာ ပျံ့နှံ့ခွင့်ပြုနေသမျှ ကာလပတ်လုံး ယင်းဗိုင်းရပ်စ်သည် မျိုးကွဲသစ်များကို ဆက်လက်ထုတ်ပေးနေလိမ့်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) က အကြိမ်ကြိမ် သတိပေးခဲ့သည်။
■ ကူးစက်မြန် Omicron နှင့် မြန်မာနိုင်ငံ၏ ကြိုတင် ပြင်ဆင်မှု အခြေအနေ
မြန်မာနိုင်ငံတွင် COVID-19 နှင့် ပတ်သက်ပြီး အခြားနိုင်ငံများနည်းတူ ကြုံ တွေ့ခံစားခဲ့ရပြီး ဒယ်တာဗိုင်းရပ်စ်ကြောင့် တတိယလှိုင်းဖြစ်ပေါ်ခဲ့သလို ကူးစက်ခံရသူ များနှင့် သေဆုံးသူများစွာ ရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကာ ကွယ်ဆေးများ ထိုးနှံလာနိုင်မှုနှင့်ရောဂါကူး စက်ခံမှုလျော့ကျလာသဖြင့် ကိုဗစ်တတိယ လှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ဟန့်တားလာနိုင်ခဲ့သည်။
သို့သော်လည်း ဒယ်တာဗိုင်းရပ်စ်ထက် ကူးစက်မှုမြန်ဆန်သည့် Omicron ဗိုင်းရပ်စ် အရှေ့တောင်အာရှအပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် တွေ့ရှိလာခဲ့သဖြင့် မြန်မာနိုင် ငံအတွင်း ကူးစက်ပြန့်နှံမှုမရှိစေရန် နောက် ထပ်လှိုင်းအသွင် မဖြစ်ပွားစေရန် အထူးအ ရေးကြီး ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပထမလှိုင်းစတင် ဖြစ်ပွားမှုတွင် လေကြောင်း မှတစ်ဆင့်ဝင်ရောက်ခဲ့ခြင်းနှင့် ဖြစ်ပွားမှု များ ပြားခဲ့သည့် ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ စတင်ခဲ့ရာတွင် နယ်စပ်ဝင်၊ ထွက်ပေါက်များ မှတစ်ဆင့် စတင်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရ ၍ လေကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူ များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ဝင် ရောက်လာသူများထံမှ ရောဂါကူးစက်ပျံ့နှံ့ ခြင်း မရှိစေရန် အဆိုပါနေရာများတွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် COVID-19 ရောဂါပိုး မျိုးဗီဇစောင့်ကြပ် ကြည့်ရှု့ခြင်းလုပ်ငန်းများကို အထူးအလေး ပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက် တာသက်ခိုင် ဝင်းက နေပြည်တော်၊ ကျန်းမာ ရေးဝန်ကြီးဌာန၌ ကျင်းပသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် Omicron စတင်ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံများနှင့်ကူးစက်မှုဖြစ်ပွားနေသည့် နိုင်ငံများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ် ပင်ခြင်း(သို့မဟုတ်)အသွားအလာကန့်သတ် ချိန်တိုးမြှင့်ထားရှိခြင်းနှင့် COVID-19 ရော ဂါပိုး ရှိ၊ မရှိ RT- PCR ဖြင့် အကြိမ်တိုးမြှင့် စစ်ဆေးခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ နယ်စပ်ဒေသများတွင် စနစ်တကျ ကွာရတင်းဝင်ရောက်ခြင်းနှင့်RT- PCR ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပြီး RT- PCR အဖြေ Negative ဖြစ်မှသာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျပို့ဆောင် ရမည်ဖြစ်ကြောင်းနှင့် RT- PCR စက်များကို လည်း မြဝတီမြို့၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့ တို့တွင် တပ်ဆင်ထားသကဲ့သို့ အခြားနယ်စပ် မြို့များတွင် ဆက်လက်တိုးချဲ့တပ်ဆင်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးအတွက် သေချာစွာပြင်ဆင်ထားခြင်းဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိစေရန်နှင့် ယာယီရပ်နားထားသော COVID-19 ရောဂါကုသရေးဌာနများ၊ အသွားအလာကန့်သတ်ထားရှိသည့် Quarantine စင်တာများကို အသင့်အနေအထား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။
“ဒီ မျိုးဗီဇပြောင်းရောဂါပိုးနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ထိတ်လန့်စရာမလိုပဲ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်၍သတိပြုကာ မမေ့မလျော့ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အလွန်အရေးကြီးတဲ့ ကာကွယ်ရေးနည်းလမ်းဖြစ်ပြီး ရေရှည်မှာ COVID-19 ရောဂါ အန္တရာယ် က လွတ်မြောက်နိုင်တဲ့တစ်ခုတည်းသော ထွက်ပေါက်ကတော့ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက် မကွက်ခံယူရမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါပိုးမျိုးတွေ ဘယ်လိုပဲ ပြောင်းနေပါစေ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ခံယူထားရင် ရောဂါဝင်ရောက်ကူးစက်ခံရရင်တောင် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံးမှုတွေကို သိသာစွာလျှော့ ချပေးနိုင်တာ ဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန် ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
COVID-19မျိုးဗီဇပြောင်းရောဂါပိုးများအနေဖြင့် လူ၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်မှ ၎င်း၏ အစွမ်းသတ္တိကိုပြသလေ့ရှိသည်။
ထို့ကြောင့် လူခန္ဓာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက်ကူးစက်မှုမရှိစေရေးအတွက် COVID-19 ကာကွယ်ရေး နည်းလမ်းများ ဖြစ်သည့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကျဉ်ခြင်း၊ နေအိမ်ပြင်ပ သို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန် ရှိပါက ပါးစပ်နှင့် နှာခေါင်း စည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေ ထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းည့်နေရာ တွင်နေထိုင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောကြားသည်။
COVID-19ရောဂါပိုး ထိန်းချုပ်ကာ ကွယ်ရန် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များအား ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း COVID-19 ကာ ကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီက နိုဝင်ဘာ ၃၀ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
■ လက်ရှိ မြန်မာနိုင်ငံ၏ ကိုဗစ်အခြေအနေနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အနေအထား
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကို ယခုနှစ် မေလကုန်ပိုင်းမှစတင်ကာ ဇွန်၊ ဇူလိုင်၊ စက်တင်ဘာအတွင်း အပြင်းအထန် ခံစားခဲ့ရပြီး ဒယ်တာဗိုင်းရပ်ကြောင့် ကူးစက်ခံရမှုနှုန်းနှင့် သေဆုံးမှုနှုန်းလည်း မြင့်တက်ခဲ့သည်။
နိုဝင်ဘာလမှ စတင်ကာ ရောဂါပိုးတွေ့ရှိ မှု လျော့ကျလာခဲ့ပြီး လက်ရှိတွင် နှစ်ရာခိုင်နှုန်း ဝန်းကျင်အထိ လျော့ကျလာသဖြင့် ကိုဗစ်တတိ ယလှိုင်း ထိန်းချုပ်ထားနိုင်ပြီဟု ဆိုနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ သေဆုံးသူ ၂၀ ကျော်ရှိပြီး ပိုးတွေ့ရှိ မှု နှစ်ရာခိုင်နှုန်းဝန်းကျင်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
COVID-19ကြောင့် သေဆုံးသူ အနေ ဖြင့် ဒီဇင်ဘာ ၁ ရက်တွင် ခုနစ်ဦး၊ ဒီဇင်ဘာ ၂ ရက်တွင် ကိုးဦး၊ ဒီဇင်ဘာ ၃ ရက်တွင် ခုနစ် ဦးရှိခဲ့ပြီး သုံးရက်အတွင်းသေဆုံးသူ စုစုပေါင်း ၂၃ ဦး ရှိခဲ့ကြောင်း သိရသည်။
ပိုးတွေ့ရှိမှုအနေဖြင့် ဒီဇင်ဘာ ၁ ရက် တွင် ၁ ဒသမ ၉၄ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂ ရက် တွင်၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃ ရက် တွင်၂ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့သည်။
နိုဝင်ဘာလတွင် ရောဂါပိုးစစ်ဆေးနိုင် မှုအခြေအနေအရ ပိုးတွေ့ရှိမှုမှာ ပထမအပတ် မှစတင်ကာ ငါးရာခိုင်နှုန်းအောက် လျော့ကျ ခဲ့ပြီး ဒုတိယပတ်၊ တတိယပတ်နှင့် နောက်ဆုံး ပတ်အထိ ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျ ခဲ့ကာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် ပိုး တွေ့ရှိမှုအနေဖြင့် နှစ်ရာခိုင်နှုန်း ဝန်းကျင်အ ထိ လျော့ကျသွားခဲ့သည်။
နိုဝင်ဘာလအတွင်း၌ သေဆုံးသူ အနေ ဖြင့် ၂၀ လျော့ကျခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ တစ်လအတွင်း သေ ဆုံးသူ စုစုပေါင်း ၄၀၇ ဦး ရှိခဲ့ကာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်းတွင် ပိုးတွေ့ရှိမှု နှစ်ရာခိုင်နှုန်း ဝန်းကျင် ရှိခဲ့သည်။
ကာကွယ်ဆေးထိုးနှံထားမှုအနေဖြင့် လက်ရှိတွင်အသက်၄၀ နှင့် အထက် အသက် အရွယ်ရှိသူများ COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနေသဖြင့် နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးထိုးနှံမှု ခံ ယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကာကွယ်ဆေးများကို ယခင်က အသက် ၆၅ နှစ်အထက် အသက်အရွယ်များ စတင်ထိုးနှံခဲ့ရာမှ အသက်အရွယ်များ လျှော့ ချသတ်မှတ်ခဲ့ပြီး အသက် ၅၅ နှစ်အထက် အသက်အရွယ်များ၊ အောက်တိုဘာ ၁၇ ရက် မှစ၍ ၄၅ နှစ်အထက်အရွယ်များနှင့် လက်ရှိ တွင်မူ နိုဝင်ဘာ ၉ ရက်မှစ၍ အသက်၄၀ နှင့်အထက်များကို စတင်ထိုးနှံပေးနေ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများ ကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိ ရာ နိုဝင်ဘာ ၃၀ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၁၁ç ၈၅၈ç ၅၉၈ ဦး (၁၁ဒသမ ၈၅ သန်း)၊ တစ်ကြိမ်ထိုးနှံ ပြီးစီးသည့် လူဦးရေ ၄ç၉၉၀ç၅၇၄ ဦး (၄ ဒသမ ၉၉သန်း) ၊ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၆ç၈၄၉ç၁၇၂ဦး (၁၅၆ဒသမ ၈၄သန်း)နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၈ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှသိရ သည်။
နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ယ ခုနှစ်အကုန်တွင် လူဦးရေ၏ ရာခိုင်နှုန်း ၅၀ ထိုးနှံနိုင်ရန်၂၀၂၂ ခုနှစ် နှစ်လယ်တွင် ရာခိုင်နှုန်း ၇၀ ထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
COVID-19 ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ် လူသားများအကြား ကွယ်ပျောက် သွားဖွယ်မရှိသလို နိုင်ငံတကာတွင်လည်း ယင်းရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ဆေး များထိုးနှံခြင်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင်လည်း လက်ရှိနိုင်ငံ ကူး စက်ပျ့ံနှံနေသည့် မျိုးကွဲဗိုင်းရပ်စ်များအပါအဝင် အသစ်ထွက်ပေါ်လာသည့် Omicron ကဲ့သို့သော မျိုးကွဲဗိုင်းရပ်စ်များ ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံရယူခြင်းနှင့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ဆောင်ရွက် လိုအပ်မည် ဖြစ်သည်။










