ဥရောပသမဂ္ဂ (အီးယူ) နှင့် နေတိုးခေါင်းဆောင်များသည် လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်များတွင် ဘီလာရုစ်ရွှေ့ပြောင်းပြဿနာနှင့် ယူကရိန်းနယ်စပ်အနီးတွင် ရုရှား၏စစ်ရေးပြင်ဆင်မှုတို့ကို အဓိကထားဆွေးနွေးခဲ့ကြကာ ယင်းနှစ်မျိုးစပ်ခြိမ်းခြောက်မှုကို တန်ပြန်ရန် နိုဝင်ဘာ ၂၈ ရက်တွင် အဓိဋ္ဌာန်ပြုခဲ့ကြသည်။
နေတိုးအတွင်ရေးမှူးချုပ် ဂျန်စတိုလ်တန်ဘတ်ဂျ်က ယူကရိန်းနယ်စပ်အနီးတွင် ရုရှား၏စစ်ရေးပြင်ဆင်မှုကို အရှိန်လျှော့ချရန် ထပ်မံတောင်းဆိုခဲ့ပြီး အင်အားသုံးမည်ဆိုပါက အကျိုးဆက်များကို ခံစားရမည်ဟု သတိပေးခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် အပါအဝင် ယခုသီတင်းပတ်အတွင်း လတ်ဗီးယားနိုင်ငံ၌ ကျင်းပမည့် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ စတိုလ်တန်ဘတ်ဂျ်နှင့် ဥရောပကော်မရှင် အကြီးအကဲ အာဆူလာဗွန်ဒါလီယန်တို့၏ အလည်အပတ်ခရီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဘီလာရုစ်သည် ဥရောပသမဂ္ဂကို နှစ်မျိုးစပ်ခြိမ်းခြောက်မှုပုံစံအဖြစ် ၎င်း၏နယ်စပ်တွင် ရွှေ့ပြောင်းအကျပ်အတည်းကို ဖန်တီးခဲ့သည်ဟု စတိုလ်တန်ဘတ်ဂျ်နှင့် ဗွန်ဒါလီယန်တို့က စွပ်စွဲခဲ့ကြသည်။ ဘီလာရုစ်အစိုးရက ယင်းစွပ်စွဲချက်ကို ငြင်းဆန်ခဲ့သည်။
နှစ်မျိုးစပ် ခြိမ်းခြောက်မှုဆိုသည်မှာ သမားရိုးကျစစ်ရေး နည်းလမ်းများဖြင့် ခြိမ်းခြောက်ခြင်းနှင့် လုပ်ကြံသတင်းကဲ့သို့ စစ်နှင့်မဆိုင်သော နည်းစနစ်များကို ပေါင်းစပ်ထားသည့် လုံခြုံရေးစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
“အဲ့ဒီခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ဥရောပသမဂ္ဂနဲ့ နေတိုးတို့ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်” ဟု ဗီးနီးယက်စ်မြို့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဗွန်ဒါလီယန်က ပြောကြားခဲ့ပြီး အဆိုပါပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် စတိုလ်တန်ဘတ်ဂျ်၊ လစ်သူယေးနီးယား ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။
“နေတိုးနဲ့ ဥရောပသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုဘယ်ပုံ မြှင့်တင်နိုင်မလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” ဟု စတိုလ်တန်ဘတ်ဂျ်က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန်တိုတွင် ၂၀၂၁ နှင့် ၂၀၂၂ တို့အတွက် နယ်စပ်စီမံခန့်ခွဲရန် သုံးဆတိုးမြှင့်ကာ ယူရိုသန်း ၂၀၀ (အမေရိကန် ဒေါ်လာ ၂၂၆ သန်း) အထိ သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်ဟု ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။
အဆိုပါငွေများကို ကင်းလှည့်ယာဉ်များ၊ ဒရုန်းများ အပါအဝင် အီလက်ထရွန်းနစ် ထောက်လှမ်းတို့အတွက် သုံးစွဲသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။
အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ဖြစ်သော ရွှေ့ပြောင်းထောင်ပေါင်းများစွာသည် ဥရောပသမဂ္ဂနှင့် နေတိုးတို့၏ အရှေ့ပိုင်းအဖွဲ့ဝင်များဖြစ်သည့် လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန်တို့ကို ဝင်ရောက်ရန် မကြာသေးခင်လများတွင် ဘီလာရုစ်နယ်စပ်ကို ဖြတ်ကျော်ခြင်း သို့မဟုတ် ဖြတ်ကျော်ရန် ကြိုးစားခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
လစ်သူယေးနီးယားသမ္မတ ဂျီတာနက်စ်နော်ဆေးဒါးက ဘီလာရုစ်နယ်စပ်အရေးနှင့် ပတ်သက်၍ “လုံခြုံရေးအခြေအနေဟာ ပိုမိုဆိုးရွားလာမယ်ဆိုရင် နေတိုးရဲ့ဥပဒေအပိုဒ်လေးအတိုင်း တိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင်မှာကို ကျွန်တော်တို့ ငြင်းဆန်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသည် လုံခြုံရေးခြိမ်းခြောက်ခံရပါက အစည်းအဝေးခေါ်နိုင်သည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။














