အင်ဒိုနီးရှားနိုင်ငံတွင် အယ်ကေဒါအဖွဲ့နှင့် အဆက်အသွယ်ရှိပြီး နိုင်ငံအတွင်းအကြီးဆုံး စစ်သွေးကြွတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသည့် ဂျမားအစ္စလာမ်မီးယား (JI) အဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးမှုသံသယဖြင့် လူ ၂၄ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးအဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
သံသယရှိသူများသည် အစ္စလာမ္မာစ် ပရဟိတဖောင်ဒေးရှင်းနှစ်ဖွဲ့ကိုအသုံးပြုပြီး JI အဖွဲ့အတွက် ရန်ပုံငွေများစုဆောင်းပေးခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးရမိမှုသည် နိုင်ငံအတွင်း စစ်သွေးကြွများ၏ ရန်ပုံငွေကွန်ရက်ကို ဖော်ထုတ်ဖမ်းဆီးရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတပ်ဖွဲ့၏ အကြီးအကဲ အက်စ်ဝင် ဆီရီဂါက ပြောကြားခဲ့သည်။
JI အဖွဲ့သည် ၂၀၀၂ ခုနှစ်က ဘာလီတွင် သြစတြေးလျနိုင်ငံသားအများစုအပါအဝင် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့သည့် နိုက်ကလပ်နှစ်ခု ဗုံးခွဲမှုနှင့် ဂျကာတာမြို့တော်တွင် လူသေဆုံးမှုများရှိခဲ့သည့် အခြားတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ယင်းအဖွဲ့အား ငွေကြေးထောက်ပံ့မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်များအပေါ် အခြေခံပြီး ဖောင်ဒေးရှင်းနှစ်ခုသည် JI အဖွဲ့အတွက် ဒေါ်လာ ၂ သန်းခန့် ရှာဖွေပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းဖောင်ဒေးရှင်းနှစ်ခုအနက် တစ်ခုတွင် ဒေါ်လာ ၇၀၀,၀၀၀ နှင့် တန်ဖိုးတူညီသည့် ငွေသားများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုုသည်။
ယခုလအစောပိုင်းက အင်ဒိုနီးရှား၏ အစ္စလာမ္မာစ်ကောင်စီ ထိပ်သီးအဖွဲ့ဝင်တစ်ဦးကိုလည်း JI အဖွဲ့နှင့် ဆက်နွှယ်မှုသံသယဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးအဖွဲ့က ပြောကြားခဲ့သည်။
အာမက်ဇာအင် အန်နာဂျာအမည်ရှိ ယင်းအမျိုးသားကို အပေါင်းပါနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ပညာရေးနှင့် လူမှုရေးကိစ္စများကို အကြောင်းပြပြီး ရန်ပုံငွေများကောက်ခံခဲ့ကာ ယင်းငွေကြေးများကို JI အဖွဲ့ကို ထောက်ပံ့ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးမွတ်ဆလင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် မကြာသေးမီနှစ်များအတွင်း အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် IS အကြမ်းဖက်အဖွဲ့နှင့် သွားရောက်ပူးပေါင်းပြီး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည့် စစ်သွေးကြွများနှင့် ဆက်နွှယ်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။














