တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်ကျွန်းတစ်ခုတွင် တပ်ချထားသည့် တပ်ဖွဲ့ဝင်များအတွက် စစ်ဘက်ဆိုင်ရာ ရိက္ခာထောက်ပံ့ရေးမစ်ရှင်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပိတ်ပင်တားဆီးမှုနှင့် ကြုံခဲ့ရပြီးနောက်တွင် ၎င်းကယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်က ထိန်းချုပ်ထားသည့် Second Thomas သောင်စွယ်သို့ ထောက်ပံ့ရေး သင်္ဘောများ စေလွှတ်ရန် ညွှန်ကြားထားကြောင်းနှင့် ယခုတစ်ကြိမ်တွင် တရုတ်နိုင်ငံဘက်က အနှောင့်အယှက်ပေးတော့မည် မဟုတ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ပြည်တွင်း၌ Ayungin သောင်ခုံဟု လူသိများသည့် Second Thomas သောင်စွယ်သို့ ဦးတည်ခုတ်မောင်းလာသည့် ဖိလစ်ပိုင် ရိက္ခာထောက်ပံ့ရေး သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောသုံးစီးက မီးသတ်ပိုက်များ အသုံးပြုကာ တားဆီးခဲ့သည့် လုပ်ရပ်အပေါ် အပြင်းထန်ဆုံးပုံစံဖြင့် ရှုတ်ချကြောင်း ဖိလစ်ပိုင်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
“တရုတ်သံအမတ်ကြီး ဟွမ်ရှီလျန်နဲ့ ဆွေးနွေးပြောဆိုခဲ့ပြီးနောက်မှာ တရုတ်ဘက်က ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်တော့မှာ မဟုတ်ပါဘူး” ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဆိုသည်။ ၎င်းတို့နှစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဆွေးနွေးမှုများ တောက်လျှောက် ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
လတ်တလောတွင် မနီလာမြို့ရှိ တရုတ်သံရုံးက ရိုက်တာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ရိက္ခာထောက်ပံ့ရေး သင်္ဘောများပြန်လည်စေလွှတ်ရာတွင် ရေတပ် သို့မဟုတ် ကမ်းခြေစောင့်တပ်က လိုက်ပါစောင့်ရှောက်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
“Ayungin သောင်စွယ်တွင် ငါးဖမ်းတာပဲဖြစ်ဖြစ် အဲဒီမှာရှိနေတဲ့ ဆီရာမာဒရီ ရေတပ်သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေကို ရိက္ခာထောက်ပံ့ပေးတာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အထူးစီးပွားရေးဇုန်ထဲမှာ ကျွန်တော်တို့ သင်္ဘောတွေကို သူတို့ဘက်က ဟန့်တားနှောင့်ယှက်ခွင့် မရှိပါဘူး” ဟုလည်း လိုရန်ဇာနာက ဆိုသည်။
Second Thomas သောင်စွယ်တစ်ဝိုက်တွင် ရှိနေသည့် တရုတ်ကမ်းခြေစောင့်တပ်မှ သင်္ဘောအရေအတွက်သည် နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် နှစ်စီးသာ ကျန်ရှိတော့သည်ဟု ဖိလစ်ပိုင်စစ်တပ်၏ အနောက်ပိုင်း စစ်ဌာနချုပ် အကြီးအကဲဖြစ်သူ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ရာမီရော်ဘတ်တို အန်ရီကက်ဇ်က ပြောကြားခဲ့သည်။
တရုတ်ရေကြောင်းရဲများ လိုက်ပါလာသည့် ရေယာဉ်များသည်လည်း အဆိုပါသောင်စွယ်မှ ထွက်ခွာသွားပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။ သို့ရာတွင် ရေကြောင်းရဲများ ပါဝင်သည်ဆိုသော ပြောကြားချက်များကို တရုတ်ဘက်က ငြင်းဆိုထားသည်။
မကြာသေးမီက အဆိုပါ သောင်စွယ်အနီးတွင် ရေယာဉ် ၁၉ စီးနှင့် သီတူကျွန်းအနီးတွင် ရေယာဉ် ၄၅ စီး ရှိနေခဲ့သည်ဟု ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြံပေး ဟာမိုဂျီနီစ် အက်စ်ပါရွန်၏ အဆိုအရ သိရသည်။ တောင်တရုတ်ပင်လယ်ထဲမှ စပရက်တလေကျွန်းစုရှိ whitsun ကျောက်တန်းအနီးတွင် ရာနှင့်ချီသည့် တရုတ်သင်္ဘောများကို တွေ့ရှိခဲ့ပြီးနောက် ယခုနှစ်အတွင်း ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှု မြင့်တက်ခဲ့သည်။














