ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်က လစ်သူယေးနီးယားနှင့် သံတမန် ဆက်ဆံရေးကို တရားဝင် လျှော့ချ

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်က လစ်သူယေးနီးယားနှင့် သံတမန် ဆက်ဆံရေးကို တရားဝင် လျှော့ချ
Published 21 November 2021
 Ref: AFP

နိုဝင်ဘာ ၁၈ ရက်က လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နီးယပ်စ်မြို့တော်တွင် ဖွင့်လှစ်ခဲ့သည့် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး၏ ခန်းမကို တွေ့ရစဉ် (Photo: AFP)

Ref: AFP

ဗီးလ်နီးယပ်စ်မြို့တော်တွင် ထိုင်ဝမ်၏ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ပေးမှုကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်က လစ်သူယေးနီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို တရားဝင် လျှော့ချခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

လစ်သူယေးနီးယားသည် ထိုင်ဝမ် ဟူသည့်အမည်ဖြင့် ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပေးခဲ့မှုသည် တရုတ်အစိုးရ၏ ဖိအားများကို ဖီဆန်သည့် သိသာထင်ရှားသည့် သံတမန်ရေးရာ  အပြောင်းအလဲတစ်ရပ်ဖြစ်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်ထားရန်ကြိုးပမ်းနေပြီး  ထိုင်ဝမ်ဟူသည့် အမည်ကို တရားဝင်အသုံးပြု မှုကို ဟန့်တားနှောင့်ယှက်နေကာ ထိုင်ဝမ်သည် ၎င်း၏ နယ်နိမိတ်ဖြစ်ကြောင်းကြေညာခဲ့ပြီး တစ်ချိန်ချိန်တွင် လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ကြုံးဝါးထား သည်။

တရုတ်အစိုးရသည် မိမိ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံ စံတန်ဖိုးများကို ကာကွယ်ရန်အတွက်  လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေး ကို လျှော့ချလိုက်ကြောင်း ယင်းအခြေအနေ မှာ သံရုံးယာယီတာဝန်ခံအဆင့်အထိ လျှော့ချခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယခုအခြေအနေကို အကြောင်းပြုဖြစ် ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များ အားလုံးကို လစ်သူယေးနီးယားအစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း၊ လစ်သူယေးနီးယားအစိုးရသည် တရုတ်နှင့် သံတမန်ဆက်ဆံ ရေးထူထောင်ခဲ့ချိန်က ထားရှိခဲ့သည့် ကတိကဝတ်များကို စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း  ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်သည် ၎င်းနှင့် သံတမန်ဆက်ဆံ ရေးရှိသည့် နိုင်ငံများက ထိုင်ဝမ်ထက် တရုတ် ကိုသာ တရားဝင်အသိအမှတ်ပြုသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ ကို ရည်ညွှန်းပြောဆို ခဲ့သည်။

လစ်သူယေးနီးယား နိုင်ငံခြားရေးဝန် ကြီးဌာနကမူ သံတမန်ဆက်ဆံရေးလျှော့ချ ခဲ့သည့် တရုတ်၏ ဆုံးဖြတ်ချက်အပေါ် ဝမ်း နည်းကြောင်း ပြောကြားခဲ့သည်။

လစ်သူယေးနီးယားနိုင်ငံသည် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်း မှုကို ထပ်လောင်းအတည်ပြုကြောင်း၊ သို့ သော် တစ်ချိန်တည်းမှာပင် မိမိတို့အနေ ဖြင့် ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင် ရန် အခွင့်အရေးရှိကြောင်း လစ်သူယေးနီး ယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် လစ်သူယေးနီးယားတွင် ကိုယ်စားလှယ်ရုံးဖွင့်မည်ဟု ဇူလိုင်လက တည်းက ကြေညာခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် လစ်သူယေးနီးယားနိုင်ငံ၏ မြို့တော် ဗီးလ်နီး ယပ်စ်တွင် ထိုင်ဝမ် ကိုယ်စားလှယ်ရုံးကို တ ရားဝင်ဖွင့်လှစ်ခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ ယင်းသည်  ၁၈ နှစ်အတွင်း ဥရောပတွင် ထိုင်ဝမ်၏ ပထမဆုံး သံတမန်ဆိုင်ရာ ရုံးဖွင့်လှစ်မှု ဖြစ်ခဲ့သည်။

သို့သော်လည်း ယင်း လုပ်ဆောင်ချက်သည် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တရုတ် သည် ၎င်း၏ လစ်သူယေးနီးယားဆိုင်ရာ တရုတ်သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပြီးတရုတ်နိုင်ငံဆိုင်ရာ လစ်သူယေး နီးယားသံအမတ်ကို ပြန်လည်ခေါ်ယူရန် တောင်းဆိုခဲ့သည်။

ထို့ပြင် တရုတ်သည် လစ်သူယေးနီးယား သို့ပို့ဆောင်မည့် ကုန်တင်ရထားများကိုလည်း ဆိုင်းငံ့ခဲ့ပြီး သွင်းကုန် ခွင့်ပြုချက်များကိုလည်း ရပ်ဆိုင်းခဲ့သည်။

ချက်သမ္မတနိုင်ငံကလည်း ထိုင်ဝမ် နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သဖြင့် တရုတ်ကို ဒေါသ ထွက်စေခဲ့သည်။                           

Most Read

Most Recent