အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer က ၎င်း၏အလားအလာရှိသော COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို ကမ္ဘာ့ဆင်းရဲချို့တဲ့သော နိုင်ငံများတွင် စျေးသက်သက်သာသာဖြင့် ရရှိနိုင်စေရန် သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
Pfizer က ကမ္ဘာ့လူဦးရေ၏ ၅၃ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သော ဝင်ငွေနည်းပါးသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံ ၉၅ နိုင်ငံကို ထောက်ပံ့ရန် ယင်းနိုင်ငံများရှိ ဆေးထုတ်လုပ်သူများအား ၎င်း၏အလားအလာရှိသော Paxlovid သောက်ဆေးများကို လိုင်စင်ခွဲထုတ်ပေးသွားမည် ဖြစ်သည်။
ဂျာမန်ဆေးကုမ္ပဏီ BioNTech နှင့် လက်ရှိကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော COVID-19 ကာကွယ်ဆေးများထဲမှ ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ခဲ့သည့် Pfizer သည် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါး မူပိုင်ခွင့်အစုအဖွဲ့(MPP) နှင့် သဘောတူညီချက်၌ ကုသဆေးကို ပိုမိုစျေးသက်သာစေရန် လိုင်စင်ခွဲ ထုတ်ပေးထားသည့် ဆေးကုမ္ပဏီများမှ အခကြေးငွေ ရရှိလိမ့်မည်မဟုတ်ပေ။
သဘောတူညီချက်သည် COVID-19 ရောဂါကုသရန်သောက်ဆေးအတွက် လက်ရှိစမ်းသပ်မှုများနှင့် အာဏာပိုင်များထံမှ အသုံးပြုခွင့် ခွင့်ပြုချက်ရရှိရန် မူတည်နေသည်။
Pfizer ထုတ် COVID-19 ဗိုင်းရပ်စ်သတ်ဆေးကို HIV ဆေးဖြစ်သည့် ritonavir နှင့် တွဲဖက်သောက်သုံးရမည် ဖြစ်သည်။
လက်ရှိစမ်းသပ်ပြုလုပ်ဆဲအခြေအနေမှ ရရှိလာသည့် ကြားဖြတ်အချက်အလက်အရ အာနိသင်မရှိသည့် ဆေးဝါးဖြင့် စမ်းသပ်မှုနှင့် နှိုင်းယှဉ်လျှင် ရောဂါလက္ခဏာ စတင်ပြသချိန်မှ သုံးရက်အတွင်း ဆေးရုံတက်ရောက် ကုသခြင်းမရှိသည့် ရောဂါပြင်းထန်နိုင်ခြေရှိသော အရွယ်ရောက်ပြီးသူများတွင် COVID-19 နှင့်ဆက်နွှယ်၍ ဆေးရုံတက်ရောက်ကုသနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေကို ၈၉ ရာ ခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု Pfizer က ထုတ်ပြန်ခဲ့သည်။
COVID-19 ရောဂါလက္ခဏာပြသပြီး ငါးရက်အတွင်း အလားတူရလဒ်များကိုလည်း မြင်တွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဂျနီဗာအခြေစိုက် MPP သည် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်းပါးသော သို့မဟုတ် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများအတွက် ဆေးဝါးများ ဖွံ့ဖြိုးတိုးတက်ရေး လွယ်ကူချောမွေ့မှုရှိစေရန် လုပ်ဆောင်ပေးနေသည့်အဖွဲ့ဖြစ်သည်။
အတည်ပြုချက်ရရှိခဲ့လျှင် ယင်းသောက်ဆေးသည် လပိုင်းအတွင်း စျေးကွက်အတွင်းသို့ ရောက်ရှိနိုင်လိမ့်မည်ဟု MPP မူဝါဒရေးရာအကြီးအကဲ အက်စ်တစ်ဘန်းဘာရွန်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။
Pfizer က ၎င်းအနေဖြင့် အမေရိကန်တွင် ၎င်း၏ဗိုင်းရပ်စ်သတ်ဆေးကို အရေးပေါ် အသုံးပြုခွင့် အတည်ပြုချက်ရရှိရန် တောင်းခံထားသည်ဟု နိုဝင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 အား နိုင်ငံတကာစိုးရိမ်ဖွယ် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ထုတ်ပြန်ထားစဉ် Pfizer သည် သဘောတူညီချက်တွင် ပါဝင်သော နိုင်ငံများအားလုံး၌ ဗိုင်းရပ်စ်သတ်ဆေး ရောင်းချမှုများမှရရှိသော အခကြေးငွေများကို စွန့်လွှတ်သွား မည်ဖြစ်သည်။
လွန်ခဲ့သည့်လက WHO သည် SARSCoV-2 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အမြင့်ဆုံး သတိပေးချက်အဆင့်အဖြစ် ဆက်လက်ထားရှိထားသည်။














