ဘိုင်ဒင်နှင့် ရှီ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်တို့ အပြန်အလှန်သတိပေး

ဘိုင်ဒင်နှင့် ရှီ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်တို့ အပြန်အလှန်သတိပေး
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (ဝဲ) နှင့် တရုတ်သမ္မတ ရှီကျင်းပင် (ယာ) တို့အား တွေ့ရစဉ်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (ဝဲ) နှင့် တရုတ်သမ္မတ ရှီကျင်းပင် (ယာ) တို့အား တွေ့ရစဉ်
Published 16 November 2021
Ref: AFP

လူအများ မျှော်လင့်စောင့်စားနေသည့်  အမေရိကန်-တရုတ်ခေါင်းဆောင်နှစ်ဦး၏ နိုဝင်ဘာ ၁၅ ရက် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ နှစ်နိုင်ငံထိပ်တန်း သံတမန်နှစ်ဦးသည် အလွန်ထိရှလွယ်သော ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အပြန်အလှန် သတိပေးမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြသည်။

နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့၏ အွန်လိုင်းထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်နှင့် တရုတ်တို့သည် ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေး အပါအဝင် ကိစ္စရပ်အများအပြားနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

နိုဝင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဖုန်းပြောဆိုမှုအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးနေမှုနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ထိုင်ဝမ်၏ လွတ်လပ်ရေးကို အားပေးအားမြှောက် ပြုနေပုံရသော အမေရိကန်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး တန်ပြန်သတိပေးခဲ့သည်ဟု သိရသည်။

အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်မှ တရုတ်ကို သံတမန်ရေးအရ ပြောင်းလဲအသိအမှတ် ပြုခဲ့သော်လည်း ၎င်းနှစ်၌ပင် ကွန်ဂရက်က အတည်ပြုခဲ့သည့် ဥပဒေအရ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် စစ်လက်နက်များ ထောက်ပံ့ပေးရမည်ဖြစ်သည်။

အမေရိကန် အစိုးရက ထိုင်ဝမ်ကို အသိအမှတ်ပြုသည့် လက္ခဏာမျိုး မပြသရန် ဂရုပြုခဲ့သော်လည်း ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ကွန်ဂရက်တွင် ပါတီနှစ်ရပ်လုံး၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသည်။ ယခုလအတွင်း အမေရိကန် ဥပဒေပြုအမတ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်သို့ သွားရောက်ခဲ့သဖြင့် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့သည်။

“ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး အင်အားစုတွေကို အားပေးအားမြှောက်ပြုတာနဲ့ မသိကျိုးကျွန်ပြုတဲ့ လုပ်ရပ်မှန်သမျှဟာ ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေပြီး အဲဒီလုပ်ရပ်တွေဟာ နောက်ဆုံးမှာ ကိုယ့်အတတ်နဲ့ကိုယ်စူးတဲ့ အခြေအနေနဲ့သာ ရင်ဆိုင်ရမှာဖြစ်တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံက သတင်းထုတ်ပြန်ခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး အောက်တိုဘာလ အစောပိုင်းတွင် ထိုင်ဝမ်၏လေကြောင်း ကာကွယ်ရေးဇုန်ထဲသို့ တရုတ်စစ်လေယာဉ်များ စံချိန်တင် အရေအတွက်အထိ ဝင်ရောက်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယခင်သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်အပေါ် ပိုမိုတင်းမာခက်ထန်သည့် ချဉ်းကပ်နည်းကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။ ထရန့်နှင့် ဘိုင်ဒင် အစိုးရနှစ်ရပ်လုံးက အင်အားကြီးထွားလာသည့် တရုတ်ကို ၂၁ ရာစု၏ အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှုမြင်ထားသည်။

တရုတ်သမ္မတ ရှီကျင်းပင်ကလည်း အာရှ-ပစိဖိတ်ဒေသတွင် စစ်အေးခေတ်က အခြေအနေ တင်းမာမှုမျိုး ပြန်ဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။    

Most Read

Most Recent