၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကျပ် ၂၄ ဘီလျံကျော် တောင်းခံ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကျပ် ၂၄ ဘီလျံကျော် တောင်းခံ
Published 17 January 2018

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ သုံးစွဲရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကျပ် ၂၄ ဘီလျံကျော် တင်ပြတောင်းခံထားသည်။

ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် သုံးစွဲရန်အတွက် ကျပ် ၂၄ ဘီလျံကျော်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် သာမန်အသုံးစရိတ်ကျပ် ၂၅၅၉၃ သန်း (ကျပ် ၂၅ ဘီလျံကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ်  ကျပ် ၁၆၃၁ သန်း (ကျပ် ၁ ဘီလျံကျော်) စုစုပေါင်း ကျပ် ၂၇၂၂၄ သန်း (ကျပ် ၂၇ ဘီလျံ ကျော်) တင်ပြတောင်းခံ ခဲ့သော်လည်း ဘဏ္ဍာရေး ကော်မရှင်က သာမန်အသုံးစရိတ် ကျပ် ၂၃၄၉၃ သန်း (၂၃ ဘီလျံကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၂၉၁ သန်း(ကျပ် ၁ ဘီလျံကျော်) ဖြင့် စုစုပေါင်း ကျပ် ၂၄၇၈၅ သန်း (ကျပ် ၂၄ ဘီလျံကျော်) သတ်မှတ်ပေးခဲ့ကြောင်း၊ ထို့အတွက် ယင်းပမာဏအတိုင်း တင်ပြတောင်းခံခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တောင်းခံခဲ့သည့် ပမာဏများအား ဝန်ကြီးရုံးအတွက် သာမန်အသုံးစရိတ် ကျပ် ၃၄၂ ဒသမ ၈၆၉ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၃၇ ဒသမ ၂၀၉ သန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် သာမန်အသုံးစရိတ် ကျပ် ၈၉၄၄ ဒသမ ၄၁၃ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၉၅၃ ဒသမ ၅၈၉ သန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၆၄ ဒသမ ၁၅၀ သန်း၊ သာမန်အသုံးစရိတ် ကျပ် ၄၉၁၄ ဒသန ၁၅၀ သန်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၄၀ ဒသမ ၁၂၀ သန်း၊ သာမန်အသုံးစရိတ် ကျပ် ၁၆၉၈ ဒသမ ၁၇၂ သန်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၉၆ ဒသမ ၄၈၀ သန်း၊ သာမန်အသုံးစရိတ် ကျပ် ၈၈၈၅ ဒသမ ၅၁၁ သန်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းစဉ်များအနေဖြင့် လိုင်းပေါင်းစုံ ထုတ်လွှင့်သည့်စနစ် Multi Channel System တွင် ရုပ်သံလိုင်း ထည့်သွင်းထုတ်လုပ်ခြင်းလုပ်ငန်း (Content Provider) များအဖြစ် ဆောင်ရွက်လိုသူများအား ရုပ်သံလိုင်း ငါးလိုင်း ခွဲဝေလုပ်ကိုင်ခွင့် ပြုပေးခြင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်း အဖြစ်သို့ ပြောင်းလဲမည့် ဥပဒေအား ရေးဆွဲခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ရေဒီယိုလုပ်ငန်းသုံးပစ္စည်းများ၊ အသံလွှင့်ပစ္စည်းများ၊ ရုပ်မြင်သံကြား လုပ်ငန်းသုံး ပစ္စည်းများ၊ လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ကလေးများအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ခရိုင်ရုံးစိုက်ရာ မြို့ကြီး ၁၅ မြို့တွင် တစ်မြို့လျှင် ကျပ် ၁၅ သိန်းကို ဌာနရန်ပုံငွေမှ ထောက်ပံ့၍ ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်း၊ ခေတ်ကာလနှင့် လျော်ညီသည့် မြန်မာ့ရုပ်ရှင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ လုပ်ငန်းစဉ်များ အနေဖြင့် အထက်မြန်မာပြည် အစိုးရ ပုံနှိပ်စက်ရုံ (မန္တ လေး) ၏ Web Offset (ORIENT) ၁၂ လုံးကို အကြီးစားပြုပြင်ခြင်း၊ စာပေဗိမာန်မှ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် စာအုပ်၊ စာစောင်များကို ဘာသာပြန်ဆို ထုတ်ဝေနိုင်ရေး ဆောင်ရွက်ခြင်း၊ ယခင်ထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်းများကို ခေတ်ကာလ လိုအပ်ချက်များနှင့်အညီ ပြန်လည် ဖြည့်စွက် ပြုစုထုတ်ဝေရေး ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် Global New Light of Myanmar သတင်းစာအား နိုင်ငံ၏ အဓိက အင်္ဂလိပ် သတင်းစာအဖြစ် ရပ်တည်နိုင်ရေး တိုးချဲ့ပြင်ဆင် ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ပွားသတင်းစာတိုက်များမှ ထုတ်သည့် နေ့စဉ်ထုတ်သတင်းစာ နှစ်စောင်အား ကျေးလက်ဒေသများသို့ ပိုမိုပျံ့နှံ့ရောက်ရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ သတင်းရယူခြင်း၊ သင်တန်းများ စေလွှတ်ခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ဘဏ္ဍာရေး ကော်မရှင်အနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ စုစုပေါင်းရငွေ ကျပ် ၁၇၅၀၅ သန်း အတည်ပြုပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

 

Most Read

Most Recent