မန်ချက်စတာယူနိုက်တက် အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရပ်ရှ်ဖို့ဒ်က လီဗာပူးလ်အသင်းကို (၀-၅) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့် ခဲ့ခြင်းအတွက် အလွန်ရှက်မိသည်ဟု ဝန်ခံပြောကြားခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းသည် အောက်တိုဘာ ၂၄ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၀-၅) ဂိုးဖြင့် ဂိုးပြတ်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
ယင်းရှုံးပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းသမိုင်းတစ်လျှောက် ၁၉၅၅ ဖေဖော်ဝါရီနောက်ပိုင်း အိမ်ကွင်းတွင် ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်က "တနင်္ဂနွေပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ဦးအနေနဲ့ ဘာပြောရမှန်းမသိတာကြောင့် လူမှုကွန်ရက်ကို ကျွန်တော် မသုံးခဲ့တာပါ။ ဂိုးပြတ်ရှုံးပွဲအတွက် အရမ်းရှက်မိပါတယ်။ ဒီရလဒ်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေနဲ့ မထိုက်တန်ပါဘူး။ ခြေစွမ်းကောင်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။















