သံရုံးဖွင့်ပွဲအတွက် လန်ဒန်သို့ သွားမည့်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဒေါ်နယ်ထရန့် ကြေညာ

သံရုံးဖွင့်ပွဲအတွက် လန်ဒန်သို့ သွားမည့်ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဒေါ်နယ်ထရန့် ကြေညာ
Published 13 January 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က လန်ဒန်ရှိ အမေရိကန်သံရုံးသစ်အား ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

လန်ဒန်ရှိ အမေရိကန်သံရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။ ထရန့်၏ ခရီးစဉ်တွင် ကန့်ကွက်ဆန္ဒပြမှုများ ဆောင်ရွက်ရန် စီစဉ်ထားသူများက  ထရန့်၏ လုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ကြသည်။

သံရုံးအဆောက်အအုံသစ်၏ ကုန်ကျစရိတ်နှင့် တည်နေရာတို့ကို မနှစ်သက်မှုများရှိသောကြောင့် လာမည့်လတွင် သွားရန် စီစဉ်ထားသော လန်ဒန်ခရီးစဉ်ကို စွန့်လွှတ်ကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ လန်ဒန်ရှိ အကောင်းဆုံးသောနေရာမှ အကောင်းဆုံးသော သံရုံးကို ရောင်းချရန် ဆုံးဖြတ်ခဲ့သော အိုဘားမားအစိုးရအား နှစ်သက်သူ မဟုတ်ကြောင်း၊ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကုန်ကျသည့် သံရုံးသစ်အတွက် ၎င်းအား ဖဲကြိုးဖြတ်စေလိုသော်လည်း မဆောင်ရွက်နိုင်ကြောင်း ထရန့်က ရေးသားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ထရန့်ကို ဗြိတိန်သို့ သံရုံးဖွင့်ပွဲ ခရီးစဉ်အတူ လာရောက်ရန် ဖိတ်ကြားထားကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေခဲ့ပြီး နိုင်ငံရေးအတိုက်အခံများနှင့် လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

ရက်စွဲမသတ်မှတ်ရသေးသော်လည်း နိုင်ငံတော်အဆင့် ခရီးစဉ်များ အစီအစဉ်သည် မပြောင်းလဲကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထရန့်သည် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ဦးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် မေက ပြောကြားထားသည်။  ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ထရန့် က ကျမ်း သစ္စာကျိန်ဆိုခဲ့ပြီးနောက် မေသည် အိမ်ဖြူတော်သို့ ပထမဆုံးသွားရောက်ခဲ့သည့် နိုင်ငံ ရပ်ခြားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

အမေရိကန်သံရုံးသစ်ကို အမေရိကန် ဗိသုကာလုပ်ငန်း Kieran Timberlake က ဒီဇိုင်းရေးဆွဲခဲ့ပြီး ကုဗပုံစံ ၁၂ ထပ်အဆောက် အအုံသစ်သည် သိမ်းမြစ်ကမ်းပါး၏ တောင်ဘက်တွင် တည်ရှိသည်။ ယင်းသံရုံးသစ်ကို ဇန်နဝါရီ ၁၆ ရက်၌ ဖွင့်လှစ်မည်ဖြစ်သည်။ လန်ဒန်အလယ်ပိုင်းရှိ မေဖဲတွင်ရှိသော ဂုဏ်သိက္ခာကြီးသည့်နေရာမှ အမေရိကန်သံရုံးကို ရွှေ့ပြောင်းမည့် ဆုံးဖြတ်ချက်အား ၂၀၀၈ ခုနှစ် အောက်တိုဘာတွင် ရီပတ်ဘလီကင်သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက ချမှတ်ခဲ့သည်။

Most Read

Most Recent