အကြောင်းအမျိုးမျိုးကြောင့် သံလွင်မြစ်အတွင်းခုန်ချမှု သုံးရက်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့

အကြောင်းအမျိုးမျိုးကြောင့် သံလွင်မြစ်အတွင်းခုန်ချမှု သုံးရက်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့
ကမ်းနားလမ်း၊ သံလွင်ဆိပ်ခံတံတားအနီး မြစ်ထဲသို့ ခုန်ချခဲ့သည့် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအား မြစ်အတွင်းမှ ပြန်လည် ကယ်ဆယ်နေစဉ် (Photo : Mawlamyine Rescue Team)
ကမ်းနားလမ်း၊ သံလွင်ဆိပ်ခံတံတားအနီး မြစ်ထဲသို့ ခုန်ချခဲ့သည့် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးအား မြစ်အတွင်းမှ ပြန်လည် ကယ်ဆယ်နေစဉ် (Photo : Mawlamyine Rescue Team)
Published 9 August 2021
 ဘိုဘိုမြင့်

မော်လမြိုင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် သံလွင်မြစ်တွင်းခုန်ချမှု သုံးရက်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ သြဂုတ် ၆ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်ခန့်က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ သံလွင်ဆိပ်ခံတံတားအနီးတွင် အသက်  ၁၉ နှစ်အရွယ် လူငယ်တစ်ဦး မြစ်ထဲသို့ ခုန်ချသွားကြောင်း၊ ထိုဖြစ်စဉ်ကို မြင်တွေ့ရသူများမှ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံ အကူအညီ တောင်းခံခဲ့ကြောင်း၊ ထို့နောက် မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေအဖွဲ့မှ မြစ်အတွင်းမှ အချိန်မှီ ဆယ်ယူနိုင်ခဲ့ပြီး ရှေးဦးသူနာပြုစုကာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ် ၈ ရက် ညနေ ၅ နာရီအချိန်ခန့်က မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ကမ်းနားလမ်းရှိ မြိတ်တံတား၌ ၆၅ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး သံလွင်မြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကြီးအား မြစ်အတွင်းရှိ ငါးဖမ်းလှေတစ်စင်းမှ ငါးလုပ်သားတစ်ဦးက ကယ်ဆယ်ခဲ့ပြီးနောက် မြိတ်တံတား ရေပေါင်ပေါ် ဆယ်ယူတင်ပေးခဲ့ကြောင်းနှင့် မော်လမြိုင် အရေးပေါ်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည်များကို ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သြဂုတ် ၆ ရက် ဖြစ်စဉ်က အဲဒီ ကောင်လေးက အိမ်နဲ့ အဆင်မပြေဖြစ်လို့ဆိုပြီး ကမ်းနားလမ်းကနေ ရေထဲကို ခုန်ချသွားတာလို့ သိရတယ်။ အဲဒီအချိန်မှာ ရေက တက်နေတော့ အဲဒီကောင်လေးက ကမ်းနားမှာ တင်နေတယ်။ အဲဒါကို တွေ့တဲ့သူတွေက အပေါ်ဆွဲတင်ပေးထားကြတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အခါကျတော့ ကောင်လေးက သတိမရသေးဘူး။ အဲဒါနဲ့ ရှေးဦးသူနာပြုတဲ့ နည်းနဲ့ပြုစုတယ်။ ပခုံးထမ်း ပြေးတာတွေ လုပ်တယ်။ ခဏနေကျတော့ ကောင်လေးက သတိရလာတယ်။ အဲဒီနောက်မှာ သူ့ကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု မော်လမြိုင် အရေးပေါ်လူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနေ့ (သြဂုတ် ၈ ရက်) ညနေပိုင်းမှာက ကမ်းနားလမ်းက မြိတ်တံတားမှာ အသက် ၆၅ နှစ် ဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦး ရေဘောက်နေ မြစ်ထဲ ခုန်ချသွားတယ်လို့ ကျွန်တော်တို့ဆီကို အကြောင်းကြားလာတယ်။ ကျွန်တော်တို့လည်း ချက်ချင်းထွက်သွားတယ်။ အခင်းဖြစ်တဲ့နေရာ ရောက်တော့ အဲဒီအမျိုးသမီးကြီးကို ရေလုပ်သားတစ်ဦးက ကယ်ဆယ်ပြီးတော့ ဆိပ်ခံတံတားပေါ် တင်ပေးထားတယ်။ ကျွန်တော်တို့လည်း လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတော့ သူရဲ့ နေအိမ်ဖြစ်တဲ့ စျေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ ဗောဒီအောင်မြေလမ်းကြားက နေအိမ်ကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ပြောကြားသည်။

အမျိုးသမီးကြီးမှာ သြဂုတ် ၈ ရက် နံနက် အစောပိုင်းကတည်းက နေအိမ်မှ ပျောက်သွားသည့်အတွက် မိသားစုဝင်များမှ လိုက်လံ ရှာဖွေနေသူ ဖြစ်ကြောင်းနှင့် မြိတ်ဆိပ်ခံတံတားသို့ မည်သို့ ရောက်ရှိလာသည်ကိုတော့ မသိရကြောင်း အဆိုပါ မော်လမြိုင် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။                         

Most Read

Most Recent