ဒေါ့မွန် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၀၀ နာရီ)
ချန်ပီယံလိဂ်ကထွက်လိုက်ရတဲ့ ဒေါ့မွန်အသင်း ရာသီကုန်မှာ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးအတွက် အားကုန်ရုန်းလာနေတယ်။ ဒီပွဲပြီးရင် ဝုလ်ဖ်ဘတ်၊ လိုက်ပ်ဇစ်တို့လိုအသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက် ကစားရဖို့ရှိတာကြောင့်လည်း အခုပွဲမှာ အမှတ်လျော့ခံလို့မဖြစ်ပါဘူး။ အူန်ယွန်းဘာလင်က ဘွန်ဒစ်လီဂါကိုတန်းတက်လာပြီးကတည်းက ဒေါ့မွန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ (၂)ပွဲအထိ အနိုင်ကစားထားလို့ အိမ်ရှင်အတွက် သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဒေါ့မွန်အသင်း ဖောင်ဖျက်ကစားနေရလို့ အနိုင်ယူမှာ သေချာပါတယ်။
ဟော်ဖန်ဟင်မ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီးကတည်းက ဘွန်ဒစ်လီဂါမှာ ရလဒ်တွေပြန်ကောင်းလာခဲ့တယ်။ ဟော်ဖန်ဟင်မ်အသင်း နိုင်ပွဲပျောက်နေပေမဲ့ သရေတော့ ခံကစားနိုင်လောက်တယ်။
၀ါဒါဘရီမင် - မိန့်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၀၀ နာရီ)
အမှတ်ပေးဇယားမှာ အထက်အောက် ရပ်တည်နေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာဖြစ်ပေမဲ့ လက်ရှိခြေစွမ်းမှာ မိန့်ဇ်အသင်းက အပြတ်အသတ်သာပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ မိန့်ဇ် သရေထက်ပိုမရနိုင်ဘူး။
စတုဂတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၂ ရက် နံနက် ၁:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း (၂)ပွဲဆက်ပြန်ရှုံးလိုက်လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာပြန်ဖြစ်လာတယ်။ လက်ရှိအနေအထားမှာ စတုဂတ်က အမှတ်မလိုတော့တာ ထည့်တွက်ရမယ်။ ဝုလ်ဖ်ဘတ် နိုင်ပွဲပြန်ရဖို့များတယ်။















