လာမည့်ရာသီတွင် မန်စီးတီးအသင်းကို အမီလိုက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု တူဟယ်လ် ကြုံးဝါး

 လာမည့်ရာသီတွင် မန်စီးတီးအသင်းကို အမီလိုက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု တူဟယ်လ် ကြုံးဝါး
Photos: Getty Images
Photos: Getty Images
Published 17 April 2021

ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က လာမည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရရန်အတွက် ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းအား အမီလိုက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ကြုံးဝါးခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယနေ့တွင် မန်စီးတီးနှင့် FAဖလား ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲအတွက် ပြုလုပ်သည့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့နဲ့ မန်စီးတီးအသင်းကြားက လက်ရှိကွာဟချက်ကို လက်ခံရပါမယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားနဲ့ ပြီးခဲ့တဲ့နှစ်တွေက ရပ်တည်မှုကိုကြည့်ရင် ဒါဟာ လက်ခံသင့်စရာပါ။ လာမယ့်နှစ်မှာတော့ ပွဲစဉ်-၁ ကစပြီး သူတို့ကို အမီလိုက်နိုင်ဖို့နဲ့ ကျွန်တော်တို့ကြားမှာရှိတဲ့ ကွာဟချက်ကို လျှော့ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ကျွန်တော့်ရဲ့လက်ရှိစံသတ်မှတ်ချက်အရတော့ ဥရောပမှာအကောင်းဆုံးနှစ်သင်းကတော့ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးအသင်းပါပဲ''ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

ဒေါ့မွန်နှင့် PSG အသင်းနည်းပြဟောင်း တူဟယ်လ်သည် ဂွါဒီယိုလာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်စဉ်က မိန့်ဇ်၊ ဒေါ့မွန်အသင်းများနှင့် ထိပ်တိုက်တွေ့ဆုံမှု(၅)ကြိမ်တွင် နိုင်ပွဲလုံးဝမရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ မန်စီးတီးအသင်းထက် တစ်ပွဲလျော့ အမှတ်(၂၀)အကွာတွင် ရှိနေသည်။

ယနေ့ကစားမည့် မန်စီးတီးနှင့်ပွဲတွင် ကိုဗာချစ်နှင့် ခရစ္စတန်ဆန်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဟုလည်း တူဟယ်လ်က အတည်ပြုခဲ့သည်။

Most Read

Most Recent