ဝုလ်ဗ်နည်းပြ နူနိုဆန်တိုက အသင်းတိုက်စစ်မှူး ဟီမင်နက်ဇ်အနေဖြင့် ယခုရာသီတွင် ပြန်စကားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉) နှစ်အရွယ်ရှိ မက္ကဆီကိုတိုက်စစ်မှူး ဟီမင်နက်ဇ်သည် ၂၀၂၀ နိုဝင်ဘာ (၂၉)ရက်က အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ခေါင်းချင်းတိုက်မိရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းခွံ အက်ကွဲသွားသဖြင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
ဟီမင်နက်ဇ်သည် ပြီးခဲ့သည့်တစ်ပတ်က လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေခြင်းဖြစ်ပြီး ယခုရာသီအတွင်း ပြန်ကစားနိုင်ဖွယ်ရှိသည်ဟု နူနိုဆန်တိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဟီမင်နက်ဇ်အနေနဲ့ ဒီရာသီမှာ ပြန်ကစားနိုင်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ ဒဏ်ရာအခြေအနေကို အလေးထားစောင့်ကြည့်နေပြီး လုံးဝမထိခိုက်မိအောင် ဂရုစိုက်နေပါတယ်။ ဟီမင်နက်ဇ်ဟာ လက်ရှိမှာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တချို့မှာ ပါဝင်လေ့ကျင့်နေပါပြီ။ အသင်းဖော်တွေကလည်း သူ့ကို ကူညီနေကြပါတယ်။ ဟီမင်နက်ဇ်ရဲ့ဒဏ်ရာဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပြီဖြစ်ပေမဲ့ အလျင်စလိုတော့ မသုံးပြုသွားမှာမဟုတ်ပါဘူး။ ကျန်းမာရေးထောက်ခံချက်တွေ ရရှိမှသာ သူ့ကို အသင်းမှာ ပြန်လည်အသုံးပြုသွားမှာပါ" ဟု ပြောကြားခဲ့သည်။
ဝုလ်ဗ်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဟီမင်နက်ဇ်သည် ယခုရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ် (၁၀)ပွဲတွင် (၄)ဂိုးသွင်းယူပေးထားပြီး ၎င်း ဒဏ်ရာရပြီးနောက် ဝုလ်ဗ်အသင်း၏ တိုက်စစ်ပိုင်းမှာ ဂိုးရရန် ရုန်းကန်နေရသည်။















