မြန်မာချေးငွေ သတင်းအချက်အလက်ဌာန (MMCB) မှ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ချေးငွေရယူ လိုသူများနှင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အပံ့ဖြစ်စေမည့် ဝန်ဆောင်မှုများကို တရားဝင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ချေးငွေ သတင်းအချက်အလက်ဌာန ဖြစ်သည့် MMCB သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိပြီး ခေတ်မီ ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို တပ်ဆင်ထားပြီး ဖြစ်သည်။ MMCB အနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်သိစွာ ချေးငွေရယူခြင်း အလေ့အထကို ပိုမိုမြှင့်တင်ပေးရန်နှင့် ချေးငွေရယူလိုသည့် တစ်ဦးချင်းနှင့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာနိုင်ရန် တိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုဝင်ဘာလ အစောပိုင်းတွင် စတင်စမ်းသပ် မိတ်ဆက်ခဲ့ပြီးနောက် MMCB သည် ၎င်း၏ အဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူထားသူများ၏ သတင်းအချက် အလက်များကို ဗဟိုစနစ်တစ်ခုအတွင်း စုစည်းထိန်းသိမ်းခဲ့သည်။ အဆိုပါ အချက်အလက်များအတွင်း ငွေချေးသူ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ၊ ချေးငွေရယူထားသော စာရင်းအမှတ်များနှင့် ပြန်လည်ပေးဆပ်မှု မှတ်တမ်းရာဇဝင် အပါအဝင် ချေးငွေအတွက် အာမခံ အပေါင်ပစ္စည်း စာရင်းများ ပါရှိသည်။ စုစည်းထားသည့် အချက်အလက်များဖြင့် ဌာနမှ တစ်ဦးချင်း (သို့မဟုတ်) စီးပွားရေး လုပ်ငန်းများ၏ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာများ ထုတ်ပေးနိုင်သည့်အတွက် ငွေကြေးအဖွဲ့အစည်းများအား ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ ချမှတ်နိုင်စေရန် ကူညီပေးနိုင်သည်။
မြန်မာချေးငွေ သတင်းအချက်အလက်ဌာန တစ်ခုမှ တိကျသေချာသည့် ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပေးသည့်အတွက် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရာတွင် ဆုံးရှုံးနိုင်ခြေများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ချေးငွေဆိုင်ရာ အမှားအယွင်းများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘဏ်များ၏ ဆုံးရှုံးမှုများ လျော့ကျလာသည့်အပြင် လူပုဂ္ဂိုလ် တစ်ဦးချင်းကိုဖြစ်စေ၊ ကုမ္ပဏီများကိုဖြစ်စေ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ထပ်မံပေးအပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်းစနစ်ကို ရယူအသုံးပြုနိုင်သောကြောင့် မသမာမှုများမှ ကာကွယ်ပေးနိုင်ပြီး ချေးငွေစျေးကွက်ကို ပိုမိုဘေးကင်း လုံခြုံစေမည် ဖြစ်ပါသည်။ ထို့ပြင် မြန်မာချေးငွေ သတင်းအချက်အလက်ဌာနမှ ချေးငွေမှတ်တမ်း ရာဇဝင် နောက်ခံကို စစ်ဆေးပြီး အချက်အလက်များ စနစ်တကျ ပံ့ပိုးပေးထားသည့်အတွက် ငွေချေးသူများမှာလည်း ချေးငွေထုတ်ပေးနေသော အဖွဲ့အစည်းများထံက ပိုပြီးမြန်ဆန်သည့် ဝန်ဆောင်မှုများကို အပြိုင်အဆိုင် ပေးအပ်နိုင်ရန် ကြိုးပမ်းလာကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
“မြန်မာချေးငွေ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau Limited) ဖွဲ့စည်းတည်ထောင် လိုက်နိုင်တာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခရီးလမ်းမှာ အထင်ကရ မှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ သမိုင်းမှာ ပထမဦးဆုံး အနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း တွေကြားမှာ ချေးငွေဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေပြီး ချေးငွေယူချင်တဲ့ Custormer တွေကို ငွေချေးပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေကို သေသေချာချာ လေ့လာပြီး စီမံခန့်ခွဲနိုင်စေမှာ ဖြစ်ပါတယ်” ဟု MMCB ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်လင်းအောင်က ပြောကြားသည်။
MMCB သည် မြန်မာနိုင်ငံဘဏ်များအသင်း၏ အဖွဲ့ဝင်ဘဏ်များဖြင့် တည်ထောင်ထားသော MB Investment Limited နှင့် Credit Bureau Asia Limited (CBA) မှ ပိုင်ဆိုင်သော လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် NSP Asia Investment Holding Pte Ltd တို့အတူ ပူးတွဲတည်ထောင်ထားသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ စင်ကာပူအခြေစိုက် CBA အဖွဲ့အစည်းသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကပင် စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ချေးငွေ သတင်းအချက်အလက် ဌာနများ စတင်တည်ထောင် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ MMCB တွင် နိုင်ငံတကာအဆင့်မီ စံနှုန်းများဖြင့် လည်ပတ်ဆောင်ရွက်နိုင်ရန်၊ ကမ္ဘာ့အဆင့်မီ လုံခြုံရေး၊ နည်းပညာစနစ်များ အသုံးပြုရာတွင် CBA ၏ ကျွမ်းကျင်မှုများကို အသုံးချထားသည်။















