ဘရာဇီးလ်တိုက်စစ်မှူး နေမာ ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီး ယူရိုသန်း(၂ဝဝ)ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိဟု သတင်းထွက်

ဘရာဇီးလ်တိုက်စစ်မှူး နေမာ ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီး ယူရိုသန်း(၂ဝဝ)ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိဟု သတင်းထွက်
Published 19 October 2018

 

PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းသို့ ပြန်လည် ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း ဥရောပမီဒီယာအများအပြားက ဖော်ပြလျက်ရှိသည်။

            

နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂ဝဝ)ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ပြင်သစ်မြေတွင် ခြေစွမ်းပြလျက်ရှိသည်။ သို့သော် PSG အသင်းသည် ဘဏ္ဍာရေးပိုင်းတွင် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် နေမာကို ပြန်လည် ရောင်းထုတ်ရန်စီစဉ်လာကြောင်း သိရသည်။ 

PSG အသင်းသည် အပြောင်းအရွှေ့ဈေး ကွက်တွင် လှုပ်ရှားမှုများစွာပြုလုပ်ခဲ့ပြီး နေမာနှင့်အတူ ဘာပေကိုလည်း ခေါ်ယူခဲ့သည့်အတွက် ဘဏ္ဍာရေးစာရင်းရှင်းမှုတွင် ပြဿနာများစွာ ပေါ်ပေါက်ခဲ့ရသည်။ 

ယင်းအခြေအနေ အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က သတိပေးမှုများ ပြုလုပ်ခဲ့ပြီး PSG အသင်းအနေဖြင့် အစောပိုင်းတွင် လျစ်လျူရှုနေခဲ့သော်လည်း လက်ရှိအချိန်တွင် အပြောင်းအလဲများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

             

နေမာသည် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ပြောင်းရွှေ့ခဲ့ရာတွင် လျော်ကြေးစာချုပ်ပါ တန်ဖိုးအတိုင်း ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါက ခွင့်ပြုပေးရန်  သဘောတူညီမှုရယူထားခဲ့ကြောင်းလည်း သိရှိရသည်။ 

နေမာသည် မူလက ဘာစီလိုနာအသင်းတွင် မက်ဆီ၏ လောင်းရိပ်အောက် ကျရောက်နေသည့်အခြေအနေကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း၌ ကြယ်ပွင့်ကစားသမား လိုအပ်မှုရှိလာသည့်အတွက် ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နေမာက "ဘာစီလိုနာ အသင်းဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေတဲ့အသင်းပါ။ အဲဒီအသင်းမှာ ပြန်ကစားခွင့်ရဖို့ ကျွန်တော် အမြဲတမ်းဆန္ဒရှိပါတယ်" ဟု ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် နေမာကို ရောင်းထုတ်ခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်တွင် တိုက်စစ်ပိုင်း၌ ဟာကွက်များစွာနှင့် ရင်ဆိုင်လာရချိန်တွင် ဝေဖန်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ 

ထို့ကြောင့် အသင်းတာဝန်ရှိသူများအ နေဖြင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်လာရာ နေမာကို ပြန်လည်ခေါ်ယူမည် ဟု သတင်းများ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ 

PSG အသင်းသည် ဘဏ္ဍာရေးအင်အား မျှတစေရန်အတွက် နေမာနှင့် ဘာပေတို့ထဲမှ တစ်ဦးဦးကို ရောင်းထုတ်သွားရမည်ဖြစ်ရာ နေမာကို ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent