နိုက်ကလပ်ရန်ပွဲကြောင့် ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်လ် ဒဏ်ငွေယူရို(၈၀၀၀၀၀)ချမှတ်ခံရ

နိုက်ကလပ်ရန်ပွဲကြောင့် ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်လ် ဒဏ်ငွေယူရို(၈၀၀၀၀၀)ချမှတ်ခံရ
Published 18 October 2018

ဘာစီလိုနာအသင်း၏ ချီလီကွင်းလယ်လူ ဗီဒယ်လ်သည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော နိုက်ကလပ်ရန်ပွဲကြောင့် ဒဏ်ငွေယူရို(၈၀၀၀၀၀) ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။

ဗီဒယ်လ်သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက မြူးနစ်မြို့မှ နိုက်ကလပ်တစ်ခုသို့ ၎င်း၏ ဝမ်းကွဲညီတစ်ဦးနှင့်အတူ သွားရောက်ရာမှ ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားလူတစ်ဦးအား ထိုးကြိတ်နေသည်ကို CCTV မှတ်တမ်းများတွင် တွေ့ရှိခဲ့ရသည့်အတွက် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။

မြူးနစ်တရားရုံးက ဗီဒယ်လ်ကို ရက်(၈၀)စာ လုပ်ခလစာအား ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏လုပ်ခကို တစ်ရက်ယူရို(၁၀၀၀၀)အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဗီဒယ်လ်၏ ဝမ်းကွဲညီမှာမူ ယင်းရန်ပွဲတွင် ဖန်ခွက်တစ်လုံးကိုလည်း ပေါက်ခွဲခဲ့သည့်အတွက် ရက်(၁၂၀)စာ လုပ်ခလစာအား ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခံခဲ့ရသည်။

သို့သော် ဗီဒယ်လ်၏ညီမှာ တစ်ရက်လျှင် လုပ်ခယူရို(၁၅၀)နှုန်းသာ ရရှိသူဖြစ်သည့်အတွက် စုစုပေါင်းဒဏ်ငွေ ယူရို(၁၈၀၀၀)သာ ချမှတ်ခံရကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent