ဒစ်ဂ်နေး၏အနီကတ်အတွက် အယူခံဝင်မည်ဟု အန်ဆယ်လော့တီ ဆိုခဲ့ပြီး ပစ်ဖို့ဒ်၊ ရစ်ချာလီဆန် ဖြစ်ရပ်များ၏အကျိုးဆက်ကိုခံခဲ့ရဟု သုံးသပ်

ဒစ်ဂ်နေး၏အနီကတ်အတွက် အယူခံဝင်မည်ဟု အန်ဆယ်လော့တီ ဆိုခဲ့ပြီး ပစ်ဖို့ဒ်၊ ရစ်ချာလီဆန် ဖြစ်ရပ်များ၏အကျိုးဆက်ကိုခံခဲ့ရဟု သုံးသပ်
Published 27 October 2020

အဲဗာတန်အသင်း၏ နည်းပြ ဖြစ်သူ အန်ဆယ်လော့တီက ဆောက်သမ်တန်အသင်းကို (၂-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်း၏နောက်ခံလူ ဒစ်ဂ်နေး အနီကတ်အပြခံခဲ့ရခြင်းအပေါ် အယူခံဝင်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ယင်းအနီကတ်သည် ပစ်ဖို့ဒ်၊ ရစ်ချာလီဆန်ဖြစ်ရပ်များ၏ အကျိုးဆက်ကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

အန်ဆယ်လော့တီက '' ဒီအနီကတ်က ဟာသပဲ။ ရည်ရွယ်ချက်လည်းမပါဘူး။ အဝါလောက်ပဲ ဖြစ်သင့်ပါတယ်။ တကယ်တော့ တစ်ပတ်လုံးလိုလို ပစ်ဖို့ဒ်ရဲ့ကိစ္စကို ၀ိုင်းပြောခဲ့ကြတာတွေ၊ ရစ်ချာလီဆန်ကို ၀ိုင်းဝေဖန်ခဲ့ကြတာတွေက ဒီဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီလိုသာ တကယ်လုပ်တယ်ဆိုရင် ဒါမမှန်ပါဘူး။ မျှလည်းမမျှတပါဘူး။ ကျွန်တော်တို့က ဒီဖြစ်ရပ်အတွက် အယူခံဝင်သွားမှာပါ။ လုံးဝသေချာပါတယ်''ဟု ပြောကြားခဲ့သည်။

Sky Sports ၏ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်ကလည်း ''ဘောလုံးကစားရင်တော့ ပြေးရမှာပဲ။ ပြေးနေရင်း တစ်ယောက်ယောက်နဲ့ ထိမိရင်လဲနိုင်တာပဲ။ ဒါအဝါကတ်ပါ။ အနီကတ်လို့ တစ်ဦးဦးက ပြောရင် ကျွန်တော် သဘောမတူပါဘူး။ တာဝန်ရှိသူတွေ ပြန်စစ်ဆေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါသာ တကယ်အနီကတ်ဆိုရင်တော့ ဘောလုံးလောကက သွားပါပြီ''ဟု ပြောကြားသွားခဲ့သည်။

Most Read

Most Recent