လိုင်ယွန်အသင်း ဒုတိယဂိုးမသွင်းမီ မိမိကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ဟု လာပေါ့တ် စွပ်စွဲခဲ့ပြီး ဒိုင်လူကြီးစိတ်ပြောင်းခဲ့သည်ဟု လိုင်နီကာ သုံးသပ်

လိုင်ယွန်အသင်း ဒုတိယဂိုးမသွင်းမီ မိမိကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ဟု လာပေါ့တ် စွပ်စွဲခဲ့ပြီး ဒိုင်လူကြီးစိတ်ပြောင်းခဲ့သည်ဟု လိုင်နီကာ သုံးသပ်
Photo : Laporte Twitter
Photo : Laporte Twitter
Published 17 August 2020

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် မန်စီးတီး(၁-၃)လိုင်ယွန်ပွဲအပြီး၌ မန်စီးတီးအသင်း၏ နောက်ခံလူ လာပေါ့တ်က လိုင်ယွန်အသင်း ဒုတိယဂိုးမသွင်းမီ မိမိကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ ယင်းပွဲ၏ ပွဲချိန်(၇၉)မိနစ်တွင်  လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီ ဂိုးမသွင်းမီ (ကွင်းလယ်မှ ဘောလုံးကို ရယူရန်ပြေးနေစဉ်) မိမိအား လဲကျစေခဲ့သည်ဟု ပြင်သစ်နောက်ခံလူ လာပေါ့တ်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။လာပေါ့တ်က ယင်းပွဲတွင် မိမိတို့အသင်း စွမ်းဆောင်ရည်ကျဆင်းမှုအတွက် တာဝန်ရှိကြောင်း၊ သို့သော် ဒိုင်လူကြီး၏(ပြစ်ဒဏ်ဘောမပေးသော) ဆုံးဖြတ်ချက်မှာ လက်ခံရန် ခက်ခဲကြောင်း သူ၏ Twitterစာမျက်နှာ၌ ရေးသားခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၇၅)မိနစ်တွင် လူစားဝင်လာသော ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီသည် မန်စီးတီးကစားသမားများ၏ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ကာ ဘောလုံးကို တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီး မန်စီးတီး ဂိုးသမားနှင့် တစ်ဦးချင်းရင်ဆိုင်အတွေ့တွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ယင်းဖြစ်ရပ်တွင် ဒမ်ဘီလီ၏ ပြစ်ဒဏ်ကျူးလွန်မှုကို ယင်းပွဲ၏ ဒတ်ချ်လူမျိုးဒိုင်လူကြီး ဒန်နီမက်ကယ်လိုင်းက အရေးယူရန်ပြုလုပ်ပြီးမှ စိတ်ပြောင်းသွားခဲ့သည်ဟုလည်း ရုပ်သံဘောလုံးဝေဖန်သူ ဂယ်ရီလိုင်နီကာက သုံးသပ်ပြောကြားခဲ့သည်။ BT Sport ရုပ်သံ၏ တိုက်ရိုက်ပြသမှုတွင် လာပေါ့တ် လဲကျချိန်၌ ဒိုင်လူကြီး မက်ကယ်လိုင်းသည် ပြစ်ဒဏ်ဘောပေးရန်အတွက် ဝီစီမှုတ်ရန် ကြိုးပမ်းခဲ့ပုံကို တွေ့မြင်ခဲ့ရသည်။

ဒိုင်လူကြီးသည် မူလတွင် ပြစ်ဒဏ်ဘောပေးရန် စဉ်းစားခဲ့ပြီးနောက် သူ၏စိတ်ကို ပြောင်းလဲခဲ့ပြီး ဘောလုံးဆွဲပြေးနေသူ ဒမ်ဘီလီအား ဘောလုံးဆက်ကန်ခွင့်ပေးခဲ့ကြောင်း လိုင်နီကာက ပြောကြားခဲ့သည်။ ''ရုပ်သံကင်မရာက ရိုက်ကူးမှုမှာ ဒိုင်လူကြီးဟာ ဝီစီမှုတ်ဖို့ လုပ်လိုက်တာကို တွေ့ရပါလိမ့်မယ်။ အဲဒီနောက် သူ့ရဲ့စိတ်ပြောင်းသွားခဲ့ပါတယ်။ ဝီစီက အသံမထွက်ခဲ့တာ မဟုတ်ဘူးဆိုခဲ့ရင်ပေါ့''ဟု ဂယ်ရီလိုင်နီကာက ပြောကြားခဲ့သည်။

ဂယ်ရီလိုင်နီကာ၏ သုံးသပ်မှုကို မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း သဘောတူခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် ယင်းဖြစ်ရပ်တွင် ပြစ်ဒဏ်ဘောရရှိခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။ ဖာဒီနန်က ''ဒီဂိုးဟာ ပြစ်ဒဏ် ဘောကနေ ရသွားတဲ့ဂိုးတစ်ဂိုးပါ။ တကယ်လို့ ကစားသမားချင်း ထိမိမှုရှိခဲ့မယ်ဆိုရင် ဒါက ပြစ်ဒဏ်ဘောလို့ ဆိုရမှာပါ။ အဲဒီမှာVARလည်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent