ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏ ခေါင်းဆောင်မှုအရည်အသွေးကို စီရော်နယ်လ်ဒို၊ ရာမို့စ်တို့နှင့်နှိုင်းယှဉ်၍ ဝေဖန်မှုများရှိနေ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏ ခေါင်းဆောင်မှုအရည်အသွေးကို စီရော်နယ်လ်ဒို၊ ရာမို့စ်တို့နှင့်နှိုင်းယှဉ်၍ ဝေဖန်မှုများရှိနေ
Photos : Getty Images
Photos : Getty Images
Published 16 August 2020

ကျန်အသင်းဖော်များက ဒုတိယပိုင်း ပြန်လည်ကစားရန် ပြင်ဆင်နေစဉ် မက်ဆီက စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းမရှိဘဲ ကိုယ်တိုင်စိတ်ပျက်လက်ပျက်ထိုင်နေသဖြင့် ၎င်း၏ခေါင်းဆောင်မှုအရည်အသွေးကို ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။



ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲ ပထမပိုင်းအပြီးတွင် စိတ်ပျက်လက် ပျက်ထိုင်နေသည့် မက်ဆီ၏ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် ၎င်း၏ ခေါင်းဆောင်မှုအရည်အသွေးကို စီရော်နယ်လ်ဒို၊ ဆာဂျီယိုရာမို့စ်တို့ နှင့်နှိုင်းယှဉ်၍ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ပထမပိုင်း နှင့် ဒုတိယပိုင်းတွင် လေးဂိုးစီခွင့်ပြု ခဲ့ရသည်။ Twitter တွင်ထွက်ပေါ်လာသော ၂၆ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုဖိုင်မှာ ပထမပိုင်းပြီးနောက် ဘာစီလိုနာအသင်း၏ အဝတ်လဲခန်း အဝင်ဝကို ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုင်ခုံပေါ်တွင် ခေါင်းငိုက်စိုက်ချ၍ စိတ်ပျက်လက်ပျက်ထိုင်နေသည့် မက်ဆီကို မြင်တွေ့ခဲ့ရသည်။ 

ကျန်အသင်းဖော်များက ဒုတိယပိုင်း ပြန်လည်ကစားရန် ပြင်ဆင်နေစဉ် မက်ဆီက စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းမရှိဘဲ ကိုယ်တိုင်စိတ်ပျက်လက်ပျက်ထိုင်နေသဖြင့် ၎င်း၏ခေါင်းဆောင်မှုအရည်အသွေးကို ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝေဖန်သူများက "မက်ဆီမှာ အသင်းခေါင်းဆောင်အရည်အသွေး မရှိပါဘူး။ ကိုယ့်အသင်းက အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲမှာ ပထမပိုင်း အပြီး (၄-၁) ဂိုးနဲ့ ရှုံးနေတယ်ဆိုရင် အဝတ်လဲခန်းထဲသွားပြီးတော့ နည်းနည်းဖြစ်ဖြစ် လှုံ့ဆော်ပေးရမှာပါ။ အသင်းခေါင်းဆောင်တစ်ယောက်ကို အဲဒီလိုပုံစံမျိုးပဲ တွေ့ချင်ကြမှာပါ" ဟုလည်းကောင်း၊ "ပွင့်ပွင်းလင်းလင်းပြောရရင် ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဆာဂျီယိုရာမို့စ်ဆိုရင် ဒီလိုအဖြစ်ခံမှာ မဟုတ်ပါဘူး။ လီယွန်နယ်မက်ဆီနဲ့ ဂျရတ်ပီကေးတို့ ကိုကြည့်ရတာ သေပြီးသားလူလိုပဲ။ ခေါင်းဆောင်မှုအရည်အသွေးက ဇီးရိုးပဲရှိတယ်" ဟုလည်းကောင်း၊ "ဘယ်အသင်းရဲ့ အသင်းခေါင်း ဆောင်ပဲဖြစ်ဖြစ် သူ့ရဲ့ Body Language က ပထမပိုင်းအပြီးမှာ ဒီလို ဖြစ်နေမယ်ဆိုရင် အသင်းအတွက် အပြုသဘောဆောင်တဲ့သဘော ဘယ်လိုမှမဖြစ်စေပါဘူး။ အသင်း ခေါင်းဆောင်ဆိုတာ အမြဲတမ်းကြံ့ ခိုင်နေရမယ်။ နောက်ဆုံးအချိန်အထိ လုပ်နိုင်သေးတဲ့ပုံစံမျိုး ဟန်ဆောင်ထားနိုင်ရမယ်။ ပထမပိုင်း မှာ မက်ဆီကို အခုလိုမြင်ရတော့ ဘာကာဆီမှာ စိတ်ဓာတ်ပြင်းပြမှု မတွေ့ရတာ အံ့သြစရာမဟုတ်ဘူး" ဟုလည်းကောင်း၊ "အသင်းက စိတ်ဓာတ်ခွန်အား လိုအပ်နေချိန်မှာ ခေါင်းဆောင်တစ်ယောက်က တိတ်ဆိတ်ပြီးတော့ ထိုင်မနေသင့်ဘူး။ မက်ဆီရဲ့အမှားတွေကို မမြင်ဘူးဆိုရင် ခင်ဗျားက ယုံမှားလွန်နေတဲ့ မျက်မမြင်တစ်ယောက်ပဲ" ဟုလည်း ကောင်း Twitter တွင် ရေးသားခဲ့ကြသည်။

Most Read

Most Recent