ချယ်လ်ဆီး ၂-၀ ဝုလ်ဗ်
ချယ်လ်ဆီးက အထလေးခဲ့တယ်။ အစောပိုင်းမှာ ကစားနေတဲ့ခြေစွမ်းက စိုးရိမ်စရာဖြစ်ပြီး ဝုလ်ဗ်အသင်းရဲ့စိုးမိုးခြင်းကို ခံခဲ့ရတယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးရဲ့ ကစားပုံငြိမ်လာပြီး အချိတ်အဆက်တွေ အားကောင်းလာတယ်။ ယုံကြည်မှု ပိုရှိလာပြီး ခံစစ်ကနေ တိုက်စစ်ကို အသွင်ပြောင်းတဲ့အပိုင်းမှာ တော်တော်လေးအားကောင်းလာခဲ့တယ်။ အစောပိုင်းမှာ မတည်ငြိမ်ခဲ့တဲ့ ခံစစ်တည်ငြိမ်လာတာနဲ့အမျှ ချယ်လ်ဆီးရဲ့တိုက်စစ်က ပိုပြီးထက်မြက်လာခဲ့တယ်။ ဒီလိုနဲ့ အရေးကြီးတဲ့ပွဲတစ်ပွဲကို သက် သောင့်သက်သာ၊ လှလှပပနဲ့ ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်တယ်။
ပွဲချိန်တစ်လျှောက် နိမ့်မြင့်တက်ကျတွေကိုကျော်ပြီး ပွဲပြီးရလဒ်ကိုပဲ ကြည့်မယ်ဆိုရင် ဒီပွဲက ချယ်လ်ဆီး ရှုံးလို့တောင်ရတဲ့ပွဲပါ။ မန်ယူက လက်စတာကို နိုင်ခဲ့တဲ့အတွက် ချယ်လ်ဆီးရဲ့နိုင်ပွဲက အရေးမပါသလိုဖြစ်သွားတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် လမ်းပတ်ရဲ့အသင်းအလားအလာအတွက် ကျေနပ်စရာကောင်းတယ်။ လာမယ့်ရာသီမှာ တီမိုဗာနာ၊ ဇီယာ့ရှ်တို့လို ကစားသမားတွေဝင်လာတဲ့အခါ တိုက်စစ်မှာ ပိုမိုပြင်းထန်တဲ့အားပြိုင်မှုတွေကိုမြင်ရမှာဖြစ်သလို၊ အရန်ခုံတန်းရဲ့သန်မာမှုကိုပါ မြင်ရတော့မယ့် အခြေအနေကို ကြိုတွေးကြည့်ရင် ရင်ခုန်စရာလို့ ပြောရမယ်။
ဒီပွဲမှာ အထူးချီးကျူးရမယ့် ကစားသမားတွေက မေဆန်မောင့်နဲ့ ဂျရူးတို့ပါပဲ။ ဂိုးသွင်းခဲ့တာကြောင့်ဆိုတာထက် ပိုပါတယ်။ မေဆန်မောင့်က ဝီလီယံမပါတဲ့ တိုက်စစ်ကို ဟာကွက်တွေမဖြစ်အောင် ဖြည့်ကစားနို်င်တဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ်မှာ Energy အပြည့်နဲ့ လှုပ်ရှားကစားသွားခဲ့တယ်။ ဒီလောက်အရေးကြီးတဲ့ပွဲတစ်ပွဲမှာ ဖရီးကစ်ဂိုးတစ်ဂိုးဆိုတာ သိပ်တော့မလွယ်ဘူး။ ကန်ချက်ကောင်းကောင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုဆိုတာကိုပါ တွဲပြီး ချီးကျူးရမှာဖြစ်တယ်။ ဂျရူးကတော့ တိုက်စစ် Action တိုင်းရဲ့ နောက်ဆုံးအဆုံးသတ်ပစ်မှတ်နေရာမှာ ကောင်းကောင်းလှုပ်ရှားနိုင်ခဲ့တယ်။ သူသွင်းယူခဲ့တဲ့သွင်းဂိုးမှာလည်း လမ်းကြောင်းရှာထွက်သွားပုံ၊ ဂိုးသမားကို ကျော်ဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်နဲ့ ကိုအာဒီနဲ့ ၅၀-၅၀ Challenge မှာ ပိုမိုမြန်ဆန်တဲ့ ဆုံးဖြတ်ချက်၊ လှုပ်ရှားမှုတွေနဲ့ သွင်းဂိုးရရှိခဲ့ခြင်းဖြစ်တယ်။ ဒီဂိုးနှစ်ဂိုးစလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့ပြီး ဒုတိယပိုင်းကတော့ ဒီရလဒ်ကို ချယ်လ်ဆီးက ထိန်းကစားသွားတဲ့ ပုံစံကို မြင်ရပါတယ်။ ခံစစ် ပိုခိုင်မာခဲ့သလို၊ ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့လည်း ပွဲအရှိန်ကို ထိန်းချုပ်ခဲ့ပြီး လှလှပပ အနိုင်ယူခဲ့တာဖြစ်တယ်။















