ဘာစီလိုနာအသင်းဟာ လာမယ့် El Clasico ပွဲမှာ အမေရိကန်ပေါ့ပ်စတား အိုလီဗီ ယာရိုဒရီဂိုရဲ့ လိုဂိုပါဝင်တဲ့ ဂျာစီကို ဝတ်ဆင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ လာလီဂါဒုတိယအကျော့ El Clasico ပွဲကို မေလ ၁၀ ရက်နေ့ နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။
ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဆွီဒင်အခြေစိုက် နာမည်ကျော်တေးဂီတကုမ္ပဏီတစ်ခုဖြစ်တဲ့ Spotify နဲ့ အကျင်္ီရင်ဘတ်စပွန်ဆာအဖြစ် လက်တွဲထားပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းဟာ Spotify ရဲ့ စျေးကွက်မြှင့်တင်မှုအစီအစဉ်တွေမှာလည်း ပူးပေါင်းပါဝင်ရခြင်းဖြစ်ပြီး အရင်ကလည်း နာမည်ကျော် ဂီတသမားများ၊ ဂီတအဖွဲ့များရဲ့ လိုဂိုပါဝင်တဲ့ ဂျာစီတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။
အိုလီဗီယာရိုဒရီဂိုဟာ ဘာစီလိုနာအသင်းရဲ့ ဂျာစီမှာ ဖော်ပြခံရတဲ့ ဂီတသမားတွေထဲမှာ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ အဲဒီဂျာစီတွေကို တန်ဖိုးယူရို ၅၀၀ နဲ့ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါတယ်။
အိုလီဗီယာရိုဒရီဂိုဟာ ဂရမ်မီဆုများစွာ ရရှိထားတဲ့ ပေါ့ပ်စတားတစ်ဦးဖြစ်ပြီး Drop Dead လို့ အမည်ရတဲ့ သီချင်းအသစ်ကို မကြာခင်က ဖြန့်ချိထားတဲ့အပြင် တတိ ယမြောက် အယ်လ်ဘမ်ကိုလည်း ဒီနှစ်အတွင်း ဖြန့်ချိသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အိုလီဗီယာရိုဒရီဂိုရဲ့ လိုဂိုပါဝင်တဲ့ ဂျာစီကို ဘာစီလိုနာအမျိုးသမီးအသင်းကလည်း မေ ၆ ရက်နေ့ လီဗန်တေးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ဝတ်ဆင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။















