မြန်မာ-အမေရိကန်အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီမှ Senior Vice President နှင့် Regional Managing Director ဖြစ်သူ သံအမတ်ကြီး Michael Michalak ဦးဆောင်သည့် စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အမေရိကန်-အာဆီယံစီးပွားရေးကောင်စီဘက်မှ အမေရိကန်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ဖြစ်ကြသည့် Abbott ၊Chevron ၊ ExxonMobile ၊ Ford ၊ GE ၊ Jhpiego ၊ MasterCard ၊ Microsoft ၊ Visa ၊ Coca-Cola ၊ Baker and McKenzie ၊ Kimberly-Clark တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကာလအတွင်း၌ ရေးဆွဲအတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံတော်သမ္မတက ၎င်းဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် ခွင့်ပြုထားသည့် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃၇၆ ဒသမ ၈၉၆ သန်း ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် မြန်မာနိုင်ငံသည် နိုင်ငံအချင်းချင်း အကူအညီ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃၃၁ ဒသမ ၁၄ ရရှိခဲ့သည့်အနက် ထက်ဝက်ကျော် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကို အမေရိကန်ပြည်ထောင်စုမှ ရရှိခဲ့ပြီး ပြည်ပအကူအညီ အများဆုံးရရှိသော ဝန်ကြီးဌာနမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ စီးပွားရေးကဏ္ဍ ကိုးခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၀ ခုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၃၆၉၆ ဒသမ ၄၄၂ ကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းတို့မှ ထုတ်ပြန်သည့် Doing Business Indicator များအရ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတည်ဆောက်ခွင့်ပါမစ် ရရှိစေခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့အား အကာအကွယ်ပေးခြင်းတို့၌ ၂၀၁၆ ခုနှစ်ကထက် အဆင့်ကောင်းမွန်လာခဲ့သော်လည်း ချေးငွေရရှိနိုင်မှု၊ အခွန်ပေးဆောင်မှု၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အကြွေးပေးချေနိုင်မှုတို့တွင် ၂၀၁၆ ခုနှစ်ကထက် အဆင့်နိမ့်ကျသွားခဲ့သည့်အတွက် ထိုအားနည်းချက်များကို ပြုပြင်ရန်လိုအပ်နေသေးကြာင်း လွှတ်တော်ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက သုံးသပ်ထား သည်။