ချန်ပီယံအဖြစ် အတည်ပြုခံရပါက လီဗာပူးလ်ပရိသတ်များ လမ်းပေါ်ထွက် အောင်ပွဲခံမည့်အခြေအနေအတွက် ရဲတပ်ဖွဲ့ ကြိုတင်ဆွေးနွေးနေ

ချန်ပီယံအဖြစ် အတည်ပြုခံရပါက လီဗာပူးလ်ပရိသတ်များ လမ်းပေါ်ထွက် အောင်ပွဲခံမည့်အခြေအနေအတွက် ရဲတပ်ဖွဲ့ ကြိုတင်ဆွေးနွေးနေ
Published 30 April 2020

 

ယခုရာသီ  ပရီးမီးယားလိဂ်တွင် ချန်ပီယံအသင်းအဖြစ် လီဗာပူးလ်အသင်း အတည်ပြုခံရပါက လီဗာပူးလ်ပရိသတ်များမှာ လမ်းမပေါ်ထွက်၍ စုပြုံအောင်ပွဲခံဖွယ်ရှိနေရာ ရဲတပ်ဖွဲ့သည် ယင်းအခြေအနေအတွက် ကြို တင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ် ကြောင်း သိရှိရသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ပြန့်ပွားမှုကြောင့် ဗြိတိန်တွင် အစိုးရက Social Distancing စည်းမျဉ်းထုတ်ပြန်၍ သွားလာနေထိုင်မှုများကို ကန့်သတ်ထားသည်။ 

သို့သော် လီဗာပူးလ်အသင်း ချန်ပီယံဖြစ်ကြောင်းကြေညာခဲ့ပါက လီဗာပူးလ်ပရိသတ်များအနေဖြင့် ယင်းစည်းမျဉ်းကို လိုက်နာခြင်းမရှိတော့ဘဲ လမ်းမများပေါ်တွင် စုပြုံ အောင်ပွဲခံဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဒုတိယနေရာမှ မန်စီးတီးအသင်းအား ရမှတ် (၂၅)မှတ်အထိ ဖြတ်ထားပြီး လက် ကျန် (၉)ပွဲတွင် (၂)ပွဲနိုင်ရုံဖြင့် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၉၊ ဇွန်လက လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ရာတွင် လီဗာပူးလ်မြို့အတွင်း အောင်ပွဲခံသည့်ပရိသတ်မှာ (၇)သိန်းခွဲခန့်အထိ ရှိခဲ့သည်။