ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC) ၏ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း ရပ်ဆိုင်းကြောင်း ဇန်နဝါရီ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ငါးနှစ်ကျော်မျှ မြေပုံနှင့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၂ ရွာတွင် လူဦးရေ ၅၆၀၀၀ ကျော်အား စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အကူအညီများပေးခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC) ၏ တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်တွင် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရမှ လုပ်ငန်းများရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်များ တစ်နှစ်ခန့် မရရှိဘဲ စီမံကိန်းကို မူလသတ်မှတ်ထားသည်ထက် တစ်နှစ်စော၍ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေသခံကျေးရွာလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု အခြေအနေ ပိုမိုလျော့ကျသွားပြီး လက်ရှိပဋိပက္ခအတွင်း ၎င်းတို့၏ ပြန်လည်ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေမည်ဖြစ်ကြောင်း IRC က ထုတြ်ပန်သည်။
ရခိုင်ပြည်နယ်အတွင်း IRC ၏ လုပ်ငန်းများ ၂၀၁၉ ခုနှစ်အတွင်း ရပ်ဆိုင်းထားရခြင်းနှင့် တက်လမ်းစီမံချက် ပိတ်သိမ်းရခြင်းမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် IRC မှ ပြည်နယ်အစိုးရသို့ ခရီးသွားလာခွင့် လျှောက်ထားစဉ် စာရွက်စာတမ်းအပိုင်းတွင် မရည်ရွယ်ဘဲ ရိုးသားစွာ ပြုလုပ်ခဲ့သည့် မှားယွင်းမှုတစ်ခုကြောင့်ဖြစ်ကြောင်း သိရသည်။ IRC မှ ပြည်နယ်အစိုးရအာဏာပိုင်များထံသို့ မိမိမှားယွင်းမှုကို တင်ပြဝန်ခံခဲ့ပြီး နောက်နောင် မဖြစ်ပွားရအောင် အဖွဲ့အစည်းအတွင်း ပြင်ဆင်မှုများ ချမှတ်လုပ်ဆောင်ခဲ့ကြောင်း IRC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီမံချက်ရပ်ဆိုင်းမှုကြောင့် မြေပုံနှင့် မင်းပြားမှ ဝန်ထမ်းအားလုံးနီးပါး ၆၀ ဦးထပ်မနည်း အလုပ်အကိုင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
တက်လမ်းစီမံချက်ကို LIFT (Livelihoods and Food Security Fund) က အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ သန်း ရန်ပုံငွေ ထောက်ပံ့ခဲ့သည်။ LIFT အလှူရှင်များနှင့် ရန်ပုံငွေခန့်ခွဲရေးရုံးအဖွဲ့တို့သည် IRC ၏ လုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စာဖြင့်ဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ရပ်ဆိုင်းထားရသော ၁၂ လကြာ ကာလအတွင်း IRC အား ရန်ပုံငွေ ဆက်လက်ထောက်ပံ့ခဲ့သော်လည်း ယခုအခါ လုပ်ငန်းမလုပ်ဆောင်နိုင်သေးသည့်အတွက် ဆက်လက်ထောက်ပံ့ရန် မဖြစ်နိုင်တော့ကြောင်း LIFT အလှူရှင်များက ပြောကြားသည်။
မြန်မာ IRC ရုံး ဌာနေညွှန်ကြားရေးမှူး အလန်မော့စလေက “ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက ကျေးရွာလူထုအကျိုးအတွက် ဆောင်ရွက်ပေးဖို့ အလွန်ပဲ ဆန္ဒပြင်းပြကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက စီမံချက်ဆောင်ရွက်တဲ့နယ်မြေရဲ့ ကျေးရွာလူထုအတွင်းက လာကြတဲ့သူတွေမို့လိုပါ။ သူတို့တွေ အလုပ်ပြန်လုပ်ခွင့်ရဖို့ကိုပဲ ကျွန်တော်တို့က မျှော်လင့်တာပါ” ဟု ဆိုသည်။
တက်လမ်းစီမံချက်အတွင်း IRC လုပ်ဆောင်ပေးသည့် လုပ်ငန်းအချို့မှာ ရေငန်တားတာတမံ အရှည် ၃၁ မိုင်ခန့် ဆောက်လုပ်ပေးခဲ့ခြင်း၊ ရေတံခါး ၂၄ ခု တည်ဆောက်ပေးခြင်း၊ ဆားငန်ရေဒဏ်ခံ စပါးမျိုးစေ့နှင့် နည်းပညာကို လယ်သမား ၁၆၅၉၈ ဦးအား ဖြန့်ဝေပေးခဲ့ခြင်း၊ ကျေးရွာပေါင်း ၉၇ ရွာတွင် အမျိုးသမီးဦးရေ ၂၅၉၃ ဦးအား ငွေကြေးစီမံခန့်ခွဲမှုသင်တန်းများမှတစ်ဆင့် ကျပ် ၁၀၄၅ ဒသမ ၅၁၈ သန်းခန့်အား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းတို့ ဖြစ်သည်။
စီမံချက်ဒေသမှ ကျေးရွာလူထုများ၊ ဒေသအာဏာပိုင်များ၊ စိုက်ပျိုးရေးဝန်ကြီးဌာန နှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန အပါအဝင် ပြည်နယ်အဆင့် ဝန်ကြီးဌာနများ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုများက တက်လမ်းစီမံချက်အား များစွာအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း IRC က ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် လူမှုကရုဏာလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ လိုအပ်ပြီး IRC ၏ ၂၀၂၀ ပြည့်နှစ်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်မှု မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်။















