သင်ရိုးသစ် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်းတို့တွင် ဒီမိုကရေစီဆိုင်ရာ သင်ခန်းစာများနှင့် ဒသမတန်းတွင် ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပါအဝင် လွှတ်တော်၏ အခန်းကဏ္ဍများကို ထည့်သွင်း သင်ကြားမည်

သင်ရိုးသစ် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်းတို့တွင် ဒီမိုကရေစီဆိုင်ရာ သင်ခန်းစာများနှင့် ဒသမတန်းတွင် ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပါအဝင် လွှတ်တော်၏ အခန်းကဏ္ဍများကို ထည့်သွင်း သင်ကြားမည်
Published 19 December 2019
စည်သူ

သင်ရိုးသစ် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်းတို့တွင် ဒီမိုကရေစီဆိုင်ရာ သင်ခန်းစာများနှင့် ဒသမတန်းတွင် ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပါအဝင် လွှတ်တော်၏ အခန်းကဏ္ဍများကို ထည့်သွင်းသင်ကြားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ရွှေကူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း မေးမြန်းသော အခြေခံပညာ အလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော် အခန်းကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင် ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“သင်ရိုးသစ် သတ္တမတန်း (Grade-7)၊ အဋ္ဌမတန်း (Grade-8)၊ နဝမတန်း (Grade-9) တို့တွင် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ယူတတ်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ ဒီမိုကရေစီရဲ့ အလေ့အကျင့်ဖြစ်သော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝမှာ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသား တစ်ဦးရဲ့တာဝန်နဲ့ သင့်လျော်သော ဒီမိုကရေစီ အလေ့အကျင့်များကို လေ့ကျင့်လိုက်နာတတ်ရန်၊ နိုင်ငံ့သားကောင်းဖြစ်ရန် အထောက်အပံ့ပြုစေမည့် ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆန်းစစ်တတ်ရန်နှင့် ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ဒီမိုကရေစီ၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်အတွက် သင်ခန်းစာများကို ထည့်သွင်းသင်ကြား ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ထို့ပြင် သင်ရိုးသစ် ဒသမတန်း (Grade-10) စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်၏ အခန်း(၃) စည်းကမ်းနှင့် ဥပဒေအခန်း၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများနှင့် လွှတ်တော်၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြသွားရန် စီစဉ်ထားရှိကြောင်း ၎င်းကပြောကြားသည်။

ဆက်လက်ပြီး အခြေခံပညာကဏ္ဍ၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင် ပါဝင်သော အခြေခံပညာရေး ရည်မှန်းချက်များတွင် ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်ရန်ဟူသော အချက်ကို ထည့်သွင်းဖော်ပြထားရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ ရည်မှန်းချက်နှင့်အညီ ဒီမိုကရေစီစနစ်နှင့် စပ်လျဉ်း၍ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးသစ် ဆဋ္ဌမတန်း (Grade-6)၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်၏ အခန်း(၃) စည်းကမ်းနှင့် ဥပဒေအခန်းတွင် ထည့်သွင်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ကြောင်းနှင့် အဆိုပါ သင်ခန်းစာကို လေ့လာသင်ကြားရခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းနှင့် လူမှုအဖွဲ့အစည်းများ အတွက် ဒီမိုကရေစီ ကျင့်စဉ်များကို လက်တွေ့ လေ့ကျင့်သင်ယူနိုင်ပြီး နောင်တွင်နိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်လာမည် ဖြစ်ကြောင်း ဦးဝင်းမော်ထွန်းက ပြောကြားသည်။

Most Read

Most Recent