မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒအား ပြန်လည်သုံးသပ်နေပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြောင်းလဲသင့်သည့် အချက်အလက်များကိုလည်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒအား ပြန်လည်သုံးသပ်နေပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြောင်းလဲသင့်သည့် အချက်အလက်များကိုလည်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိ
Published 19 December 2019
နီလာ

 

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒအား ပြန်လည်သုံးသပ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြောင်းလဲသင့်သည့် အချက်အလက်များကိုလည်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုပေါ်လစီနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်နေပါတယ်။ OECD ရဲ့ နဲ့ ဒုတိယအကြိမ် ပြန်လည်သုံးသပ်နေပါတယ်။ ဒီသုံးသပ်မှု ပြီးသွားရင် ရင်းနှီးမြှုပ်နှံမှု မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုလေးတွေ လာပါလိမ့်မယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ဥပဒေမှာ ပြောင်းလဲသင့်တဲ့အချက်အလက်တွေကို OECD က ဆွေးနွေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ဒီဥပဒေမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ဒီဥပဒေကိုပါ ပြန်ပြီးပြင်ဆင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုမူဝါဒသည် နိုင်ငံတော် အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ရပ်ကို အထောက်အကူ ပြုစေမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွင် တာဝန်ယူမှုရှိပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊ အငြင်းပွားမှုများအတွက် ယုံကြည်ကိုးစားရသော ဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများ၊ အခြေခံစီးပွားရေး အဆောက်အအုံကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေးစနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်မည် စသည်တို့ ပါဝင်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုချက်တင်ပြပြီး ခွင့်ပြုမိန့်ရရှိမှသာ  ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများမှာ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ယင်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ (ဆေးရွက်ကြီး၊ ဗာဂျီးနီးယားဆေးများ စိုက်ပျိုးထုတ်လုပ်ခြင်းမပါ)၊ သစ်တောစိုက်ပျိုးပြုစုရေးနှင့် အခြားသစ်တောလုပ်ငန်းများ၊ ရော်ဘာသစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ တိရစ္ဆာန် မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ယင်းတို့နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (စီးကရက်၊ အရက်၊ ဘီယာနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများမပါ”၊ စက်မှုဇုန်များ တည်ထောင်သည့်လုပ်ငန်းများ၊ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ၊ မြို့တော်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ လမ်း၊ တံတားတည်ဆောက်ခြင်း၊ ရထားလမ်း   ဖောက်လုပ်ခြင်းလုပ်ငန်းများ၊ ပင်လယ်ဆိပ်ကမ်း၊ မြို့တွင်းဆိပ်ကမ်းနှင့် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ လေဆိပ်စီမံခန့်ခွဲခြင်း၊ လုပ်ကိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ၊ သတင်းအချက်အလက်နည်း ပညာသုံးဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ သုတေသနဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဖြစ်သည်။

                                                                    

 

 

Most Read

Most Recent