တန်ဆောင်တိုင် ပွဲတော်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေ၌ ရေနစ်မှုဖြစ်စဉ် များရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှာ Sunny ကမ်းခြေဆင်း လမ်းထိပ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေနစ်သူများအား အချိန်မီကယ်ဆယ်နိုင်ခဲ့ ကြောင်း ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ကမ်းခြေကို လာရောက်အပန်းဖြေအနားယူတဲ့သူတွေ အသက်အန္တရာယ်မဖြစ်စေရေးကို အဓိကထားပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ စနေနေ့ကဆိုရင် ရေနစ်တဲ့ဖြစ်စဉ် တွေဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ အမြန်ရေယာဉ်အသင်းနဲ့ ပူးပေါင်းပြီးတော့ ချက်ချင်းကယ်ဆယ်လိုက်နိုင်တယ်။ Local နှစ်ယောက်ပါတယ်။ တရုတ်နိုင်ငံသား တစ်ယောက်ပါတယ်။ တရုတ်နိုင်ငံသားကတော့ အမူးလွန်ပြီး အမောဖောက်တာ ရေနစ်မလိုလည်း ဖြစ်သွားတယ်။ ကျွန်တော်တို့ အချိန်မီ ကယ်ဆယ်လိုက်နိုင်တယ်။ မုန်တိုင်း အရှိန်ကြောင့် ကမ်းခြေမှာ လှိုင်းနည်းနည်းထ နေတဲ့အချိန် ရေနက်ပိုင်းထဲပါတဲ့အချိန်၊ ကမ်းခြေလာတဲ့အခါကျတော့လည်း စားကြသောက် ကြတာပေ့ါ။ အမူးလွန်တဲ့အခါကျတော့ ရေလှိုင်းရဲ့ဒဏ်ကို မရုန်းနိုင်တာပေါ့။ ခြေကုန်လက်ပန်းကျပြီးနစ်တာ။ အချိန်မီကယ်ဆယ် လိုက်နိုင်တယ်။ ကမ်းခြေမှာ ရှေးဦးသူနာပြုစု နည်းနဲ့ ပြုစုပြီး ငွေဆောင်တိုက်နယ်ဆေးရုံ ကို ပို့ပေးခဲ့ကြတယ်။ နိုင်ငံ ခြားသားကတော့ ငွေဆောင်တိုက်နယ်ဆေးရုံကနေပဲ စိတ်ချရ လို့ ပြန်သွားပါပြီ။ မြန်မာနိုင်ငံသားနှစ်ယောက်ကိုတော့ ပုသိမ်ဆေးရုံကို ဆက်လွှဲတယ်။ ကျွန်တော်တို့ ပုသိမ်ဆေးရုံဆီကလည်း Contact ရပါပြီ။ အဲဒီနှစ်ယောက်ကလည်း အခြေအနေကောင်းမွန်ပါတယ်”ဟု ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ပြောကြားသည်။
ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရေနက်ပိုင်းတွင် ရေကူးသူများကို တား မြစ်သော်လည်း အချို့မှာ လိုက်နာမှုမရှိဘဲ ပြန်လည်ပြဿနာရှာသည့် အခြေအနေများလည်း ကြုံတွေ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လပြည့်နေ့ကဆို တချို့ဆိုရင် ရေနက်ပိုင်းတွေမှာ ရေကူးတယ်။ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရေနက်ပိုင်းထဲထိ သွားပြီးတော့ ရေမကူးဖို့ တားမြစ်တယ်။ အဲဒီလို တားမြစ်တာကို ပြန်ပြီးတော့ ပြဿနာရှာတဲ့ ဧည့်သည်တွေ ရှိတယ်။ သေချာနားလည်အောင် ရှင်းပြရတယ်။ ဒီလိုဒီလိုအန္တရာယ်ရှိ နိုင်လို့ပါလို့ စနစ်တကျရှင်းပြတာကို လက်မခံဘူး။ ကျွန်တော်တို့မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကလည်း အဲဒီလိုရှိတယ်။ မုန်တိုင်း အရှိန်ကြောင့် လောလောဆယ်လှိုင်းနည်း နည်းထနေတယ်။ တချို့ကျတော့လည်း တားပေမယ့် ရေနက်ပိုင်းသွားတယ်။ ခြေကုန်လက်ပန်းကျတဲ့အတွက် အဓိကကတော့ ရေနစ်တဲ့ ပြဿနာဖြစ်တယ်။ ဒါကို သာဓကထားပြီး စည်းကမ်းထိန်းသိမ်ရေးအလှည့်ကျခေါင်းဆောင်တွေကို သေချာစနစ်တကျညွှန်ကြား တယ်။ Speed Boat ရေယာဉ်အသင်းဥက္ကဋ္ဌကိုလည်း ခေါ်တွေ့တယ်။ ရေနက်ပိုင်းမှာ ရေ မကူးဖို့ Speed Boat အဖွဲ့တွေက တောက်လျှောက်စောင့်ကြည့်ပေးဖို့၊ မနေ့ကဆိုရင် Sunny ကမ်းခြေဆင်း လမ်းထိပ်မှာ Speed Boat ငါးစီးချထားပြီး ကျွန်တော်တို့ တောက်လျှောက်စောင့်ကြည့်တယ်။ ကမ်းခြေက ကိုးမိုင်ခွဲတောင် ဧရိယာကျယ်ပြန့်တယ်။ အဲဒါကြောင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူတွေကိုလည်း စနစ်တကျမှာတယ်။ ကမ်းခြေကို အမှီပြုပြီး အသက်မွေးဝမ်း ကျောင်းပြုနေတဲ့ စျေးဆိုင်တွေကိုလည်း အားကိုးရတယ်။ အမြန်ရေယာဉ် Speed Boat မောင်းတဲ့အဖွဲ့တွေကိုလည်း အားကိုးရတယ်။ ဟိုတယ်ဇုန် လုပ်ငန်းရှင်များအသင်းကိုလည်း အကူအညီတောင်းရတယ်။ Security တွေရဲ့ အားနဲ့လည်း ကမ်းခြေမှာ ရေကူးတဲ့သ ူတွေကို စောင့်ကြည့်ပြီး ရေနစ်မှုဖြစ်စဉ်ဖြစ်ရင် အချိန် မီကယ်ဆယ်နိုင်ဖို့ ညွှန်ကြားထားတာတွေရှိ ပါတယ်” ဟု ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး က ဆက်လက်ပြောကြားသည်။
ကမ်းခြေ၌ မူးယစ်ရမ်းကားမှုများနှင့် အခြားမှုခင်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး အတွက်လည်း ပူးပေါင်းအဖွဲ့က လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















