လီဗာပူးလ်နဲ့ ဒေါ့မွန် အနိုင်ရပြီး ချယ်လ်ဆီး သရေကျ

လီဗာပူးလ်နဲ့ ဒေါ့မွန် အနိုင်ရပြီး ချယ်လ်ဆီး သရေကျ
Photos: Getty Images, PA & Daily Mail
Photos: Getty Images, PA & Daily Mail
Published 6 November 2019

ချန်ပီယံလိဂ် ပွဲစဉ် (၄)မှာတော့ လီဗာပူးလ်နဲ့ ဒေါ့မွန်အသင်းတွေဟာ အိမ်ကွင်းတွေမှာ ပြိုင်ဘက်တွေအသင်းတွေကို အနိုင်ရခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ အေဂျက်စ်ကို နောက်ကလိုက်ကစားခဲ့ပြီး သရေကျခဲ့ပါတယ်။

ချန်ပီယံလိဂ် ပွဲစဉ် (၄)မှာတော့ လီဗာပူးလ်နဲ့ ဒေါ့မွန်အသင်းတွေဟာ အိမ်ကွင်းတွေမှာ ပြိုင်ဘက်တွေအသင်းတွေကို အနိုင်ရခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ အေဂျက်စ်ကို နောက်ကလိုက်ကစားခဲ့ပြီး သရေကျခဲ့ပါတယ်။

ချန်ပီယံလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ KRC ဂျန့်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရှုံးထွက်(၁၆)သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပုံမှန်ပွဲထွက်စာရင်းကို အပြောင်းအလဲပြုလုပ်ပြီး ကစားခဲ့ပေမယ့် KRC ဂျန့်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၁၄)မိနစ်မှာပဲ အဖွင့်ဂိုး ရခဲ့ပါတယ်။ အဲဒီဂိုးကို ဝိုင်နယ်လ်ဒမ်းက သွင်းယူခဲ့တာပါ။ 

အဲဒီနောက်မှာလည်း လီဗာပူးလ်အသင်း ဖိကစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်လို့ ဂိုးမရခဲ့ဘဲ ပွဲချိန် (၄၀) မိနစ်မှာ KRC ဂျန့်အသင်းတိုက်စစ်မှူး ဆမတ်သာရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်းမှာ (၁-၁)ဂိုးနဲ့ သရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်းကပဲ တစ်ဖက်သတ်နီးပါးဖိကစားခဲ့ပြီး KRC ဂျန့်အသင်းက တန်ပြန်တိုက်စစ်ပဲ ကစားနိုင်ခဲ့တာပါ။ လီဗာပူးလ်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၃)မိနစ်မှာ ဆာလာရဲ့ ပေးပို့မှုကနေ ချိန်ဘာလိန်က သွင်းယူခဲ့တာပါ။ 

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်ဟာ အုပ်စု (E)မှာ ရမှတ် (၉)မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ 

 

ဒေ့ါမွန်နဲ့ အင်တာမီလန်ပွဲမှာတော့ ဒေါ့မွန်အသင်းက ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒေါ့မွန်အသင်းဟာ ပွဲစကတည်းက အင်တာမီလန်အသင်းကို ဘောလုံးပိုင်ဆိုင်အသာနဲ့ ဖိကစားခဲ့ပေမယ့် အင်တာမီလန်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ဘဲ ပွဲအစ (၅)မိနစ်မှာပဲ ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ 

ဒီဂိုးကို တန်ပြန်တိုက်စစ်ကနေ လော်တာရိုမာတီနက်ဇ်က ဟမ်းမဲလ်ကို ကျော်ဖြတ်ကာ သွင်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးတွေရရှိခဲ့ပြီး ပွဲချိန် (၄၀)မိနစ်မှာ ဗီစီနိုက အင်တာမီလန်အသင်းအတွက် ဒုတိယဂိုး ထပ်သွင်းခဲ့လို့ ဒေါ့မွန်တို့ ပထမပိုင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင် ဒေါ့မွန်အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး အင်တာမီလန်ကို တောက်လျှောက် ဖိအားပေးခဲ့ပါတယ်။ ဒေါ့မွန်အတွက် ပထမချေပဂိုးကို ပွဲချိန် (၅၁)မိနစ်မှာ ဟာကီမီက သွင်းယူခဲ့ပြီး ဒုတိယချေပဂိုးကိုတော့ နောက် (၁၃) မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၆၄)မိနစ်မှာ ဘရန့်က သွင်းယူခဲ့ပါတယ်။

ချေပဂိုး (၂)ဂိုးရပြီးနောက်မှာ အားတက်သွားတဲ့ ဒေါ့မွန်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၇၇)မိနစ်မှာ ဟာကီမီကပဲ သွင်းယူခဲ့ပါတယ်။ ကျန်ပွဲချိန်တွေမှာ အင်တာတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်အသင်းကို မကျော်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာ ဒေါ့မွန်အသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရပြီး အုပ်စု (F)မှာ ရမှတ် (၇)မှတ်နဲ့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

 

 



ချယ်လ်ဆီးနဲ့ အေဂျက်စ်ပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်သွင်းဂိုးကြောင့် (၄-၄)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

နှစ်သင်းစလုံး လူစုံပါဝင်ခဲ့ကြပြီး ပွဲအစ (၂)မိနစ်မှာ အေဘရာဟမ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အေဂျက်စ်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါပေမဲ့ အေဂျက်စ်ရဲ့ ဦးဆောင်ဂိုးဟာ (၂)မိနစ်သာ ခံပြီး ပွဲချိန် (၄)မိနစ်မှာ ပူလီဆစ်ကြောင့် ရတဲ့ ပယ်နယ်တီကနေ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးအတွက် ချေပဂိုး သွင်းယူပေးခဲ့တာပါ။

အဲဒီနောက်မှာ နှစ်သင်းစလုံးဂိုးတွေ ထပ်ရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး အေဂျက်စ်အသင်းက ဂိုးတွေ ဆက်တိုက်ရခဲ့ပါတယ်။ ပွဲချိန် မိနစ်မှာ ပရိုမက်စ်က အေဂျက်စ်အတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပြီး ပွဲချိန် (၃၅)မိနစ်မှာ ကယ်ပါ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ပထမပိုင်းမှာ အေဂျက်စ်အသင်းက (၃-၁)ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက ချေပဂိုးတွေရဖို့ တင်ကစားလာခဲ့ပေမယ့် အေဂျက်စ်အသင်းရဲ့ စတုတ္ထဂိုးကို ခွင့်ပြုခဲ့ရပြန် ပါတယ်။ အေဂျက်စ်အတွက် စတုတ္ထဂိုးကို ပွဲချိန် (၅၅)မိနစ်မှာ ဗန်ဒယ်ဘီခ်က သွင်းယူခဲ့တာပါ။ 

အဲဒီနောက်မှာတော့ ချယ်လ်ဆီးအသင်း တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် (၆၃)မိနစ်မှာ အက်ဇ်ပီလီကျူတာ ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် (၆၈)မိနစ်မှာ အေဂျက်စ်ဘက်က ဘလင်းနဲ့ ဗဲလ်မန်းတို့ ထုတ်ပယ်ခံခဲ့ရပြီး ချယ်လ်ဆီးအသင်း ပယ်နယ်တီပါ ထပ်ရခဲ့ပါတယ်။ 

အဲဒီပယ်နယ်တီကိုလည်း ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ချယ်လ်ဆီးတို့ တတိယချေပဂိုး ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် သရေကျစေမယ့်ဂိုးကိုတော့ ပွဲချိန် (၇၄)မိနစ်မှာ ရီဆီဂျိမ်းစ်က သွင်းယူခဲ့ပါတယ်။

ဒီဂိုးသွင်းယူခဲ့တဲ့ ရီဆီဂျိမ်းစ်ဟာ အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးဂိုးသွင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကစားသမားနှစ်ယောက်လျော့နေပေမယ့် အေဂျက်စ်အသင်း အားမလျှော့ခဲ့သလို ချယ်လ်ဆီးအသင်းကလည်း အနိုင်ရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ဂိုးထပ်သွင်းနိုင်ခြင်းမရှိလို့ (၄-၄)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အုပ်စု (H)မှာကတော့ ချယ်လ်ဆီး၊ အေဂျက်စ်နဲ့ ဗလင်စီယာအသင်းတွေဟာ (၇)မှတ်စီ ရရှိထားပြီး နောက်တစ်ဆင့် တက်ဖို့ အပြိုင်ဖြစ်နေကြပါတယ်။

 

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) ရလဒ်များ

ဇင်းနစ် ၀-၂ လိုက်ပ်ဇစ်

ဘာစီလိုနာ ၀-၀ ဆလားဗီးယားပရပ်ဂ်

လီဗာပူးလ် ၂-၁ KRC ဂျန့်

နာပိုလီ ၁-၁ ဆာလ်ဇ်ဘာ့ဂ်

လိုင်ယွန် ၃-၁ ဘင်ဖီကာ

ဒေါ့မွန် ၃-၂ အင်တာမီလန်

ချယ်လ်ဆီး ၄-၄ အေဂျက်စ်

ဗလင်စီယာ ၄-၁ လိုင်လီ

 

Most Read

Most Recent