တရုတ်က ကွန်မြူနစ်ပါတီ နှစ်(၇၀) ပြည့် အခမ်းအနားတွင် စီးပွားရေးနှင့် စစ်ရေးစွမ်းအားတို့ကို ပြသ

တရုတ်က ကွန်မြူနစ်ပါတီ နှစ်(၇၀) ပြည့် အခမ်းအနားတွင် စီးပွားရေးနှင့် စစ်ရေးစွမ်းအားတို့ကို ပြသ
အောက်တိုဘာ ၁ ရက်တွင် တရုတ်နိုင်ငံ ထူထောင်မှု အနှစ် ၇၀ ပြည့် စစ်ရေးပြပွဲ၌ DF-17 ထိပ်ဖူးတပ်ဒုံးများအား တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၁ ရက်တွင် တရုတ်နိုင်ငံ ထူထောင်မှု အနှစ် ၇၀ ပြည့် စစ်ရေးပြပွဲ၌ DF-17 ထိပ်ဖူးတပ်ဒုံးများအား တွေ့ရစဉ် (Photo: AFP)
Published 1 October 2019
Ref: AFP

တရုတ်က ကွန်မြူနစ်ပါတီ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့ပြီး အမေရိကန်၏  ဒုံးကာကွယ်ရေးစနစ်များကို ကျော်လွှားနိုင်ရန် ရည်ရွယ်ထားသော နျူထိပ်ဖူးတပ်ဒုံးများ အပါအဝင် လက်နက်များ သယ်ဆောင်ထားသော ထရပ်ကားများနှင့် စစ်ရေးပြခဲ့သည်။

ယင်းစစ်ရေးပြချီတက်မှုတွင် ပြသခဲ့သော လက်နက်များတွင် အချို့သည် ပထမဆုံးအကြိမ်ပြသခဲ့သော စစ်လက်နက်များ ဖြစ်သည်။ တရုတ်၏နိုင်ငံရေးသင်္ကေတ ဗဟိုချက်ဖြစ်သော တီယန်မင်ရင်ပြင်တွင် သမ္မတ ရှီကျင်ပင်းနှင့် အခြားခေါင်းဆောင်များက စစ်ရေးပြချီတက်မှုကို တက်ရောက်ကြည့်ရှုခဲ့ပြီး ပရိသတ်ထောင်ပေါင်းများစွာက တရုတ်အလံများ ဝှေ့ယမ်းခဲ့ကြပြီး တိုက်လေယာဉ်များက အနိမ့်ပျံသန်းခဲ့သည်။

တရုတ်က ပြသခဲ့သော အသံထက် မြန်သည့် ထိပ်ဖူးတပ်ဒုံး DF-17 သည် အမေရိ ကန်နှင့်မဟာမိတ်များ တပ်ဖြန့်ထားသော ရှိဆဲ ဒုံးခွင်းစနစ်အားလုံးကို ကျော်လွှားနိုင်စွမ်း ရှိသည်ဟု ယူဆရသည်။ စစ်ရေးပြပွဲတွင် နောက်ထပ်ပြသခဲ့သော ဒုံးအမျိုးအစား သည် DF-41  ဖြစ်ပြီး မိုင် ၉၄၀၀ အထိ ပစ်နိုင်သော ကမ္ဘာ့အဝေးဆုံးပစ် တာဝေးပစ်ဒုံး ဖြစ်ဖွယ်ရှိသည်။ ပစ်မှတ်အမျိုးမျိုးကို ပစ်နိုင် ရန်အတွက် DF-41 သည် ထိပ်ဖူး ၁၀ လုံး အထိ သယ်ဆောင်နိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော်ကို ဘယ်လိုအင်အားကမှ မတုန်လှုပ်စေနိုင်ပါ ဘူး။ ဘယ်အင်အားကမှ တရုတ်နိုင်ငံတော် နဲ့ တရုတ်ပြည်သူတွေရဲ့တိုးတက်မှုကို မရပ်တန့်နိုင်ပါဘူး” ဟု မီးခိုးရောင် မော်ဝတ်စုံကို ဝတ်ဆင်ထားသော ရှီက နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

ပြည်တွင်းစစ် ပြီးဆုံးပြီးနောက် ၁၉၄၉ အောက်တိုဘာ ၁ တွင် ကွယ်လွန်သူ ခေါင်းဆောင် မော်စီတုန်းက တရုတ်သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့သည့်နေ့ကို နိုင်ငံတည်ထောင်သည့် အထိမ်းအမှတ်အ ဖြစ် ကျင်းပခြင်းဖြစ်သည်။

မော်ကို အမှတ်ရစေမည့် လှု့ံဆော်မှု အဖြစ် ရှီသည် ၁၉၄၉ ခုနှစ်တွင် မော်က နိုင်ငံ တည်ထောင်ကြောင်း ကြေညာသည့် နေရာမှပင် မိန့်ခွန်းပြောကြားခဲ့သည်။

အာဏာရကွန်မြူနစ်ပါတီ၏လက်ရုံး ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (People’s Liberation Army) ကို ကွပ်ကဲသည့် စစ်ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သော ရှီ သည် အမိုးပွင့် ဇိမ်ခံမှန်လုံကားကို စီးပြီး ဒုံး များတပ်ဆင်ထားသည့် ထရပ်ကားများ၊ သံချပ်ကားများနှင့်အခြားစစ်လက်နက်ပစ္စည်း များကို ဖြတ်ကျော်စစ်ဆေးခဲ့သည်။

ယခုစစ်ရေးပြပွဲသည် တရုတ်စစ်လက်နက်နည်းပညာ အလျင်အမြန်တိုးတက်နေပြီး ဒုံး၊ ဒရုန်းနှင့် အခြားနယ်ပယ်များတွင် တရုတ်သည် အမေရိကန်၊ ရုရှား၊ ဥရောပတို့ ကို အမီလိုက်လာနေကြောင်း ပြသနေသည်ဟု နိုင်ငံခြားလေ့လာသုံးသပ်သူများက ပြော ကြားခဲ့သည်။

စစ်သားအင်အား နှစ်သန်းရှိသော ကမ္ဘာ့အကြီးဆုံးစစ်တပ် PLA သည် တိုက်လေယာဉ်များ၊ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော၊ နျူစွမ်းအားသုံးရေငုပ် သင်္ဘောတို့ကိုလည်း တည်ဆောက်နေသည်။

 

 

Most Read

Most Recent