ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားက အီရန်နှင့် စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေလိမ့်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ဒေသတွင်းပြိုင်ဘက်နှင့် တင်းမာမှုများကို လျှော့ချရန် စစ်ရေးမပါသည့် ဖြေရှင်းမှုမျိုးကို ပိုမိုနှစ်သက်ကြောင်း စက်တင်ဘာ ၂၉ ရက်က ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
“အီရန်ကို ဟန့်တားဖို့ ကမ္ဘာက ခိုင်မာအားကောင်းတဲ့ အရေးယူမှု မလုပ်ဘူးဆိုရင် ကမ္ဘာ့အကျိုးစီးပွားကို ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာတာကို ကျွန်တော်တို့ တွေ့မြင်ရဦးမှာပဲ”ဟု အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က “မိနစ် ၆၀”ဟူသည့် CBS အစီအစဉ်၌ ပြောကြားခဲ့သည်။
“ရေနံထောက်ပ့ံမှုတွေ ဖြတ်တောက် နှောင့်ယှက်ခံရပြီး ကျွန်တော်တို့ ဘဝတစ်လျှောက်မှာ မမြင်ဖူးခဲ့တဲ့ တွေးကြည့်လို့ မရအောင် မြင့်မားတဲ့ ဂဏန်းတွေအထိ ရေနံစျေးနှုန်းက ခုန်တက်သွားပါလိမ့်မယ်”ဟု အိမ်ရှေ့မင်းသားက ဆိုသည်။
အိမ်ရှေ့မင်းသားက ဆော်ဒီအာရေဗျ နှင့် အီရန်တို့အကြား စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးကို ကပ်ဆိုက်စေလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဒေသတွင်းဟာ ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုရဲ့ ရာခိုင်နှုန်း ၃၀ လောက်၊ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းရဲ့ ရာခိုင်နှုန်း ၂၀ လောက်၊ ကမ္ဘာ့ဂျီဒီပီရဲ့ လေးရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုပါတယ်။ ဒီသုံးခုလုံး ရပ်သွားမယ် ဆိုရင် စဉ်းစားကြည့်ပေါ့ဗျာ” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဆော်ဒီအာရေဗျ တစ်နိုင်ငံတည်း ဒါမှမဟုတ် အရှေ့အလယ်ပိုင်း နိုင်ငံတွေပဲ မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးပါ လုံးဝ ပြိုကျသွားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဆော်ဒီနှင့် အမေရိကန်တို့က အီရန်နိုင်ငံ၏ လက်ချက်ဟု ပြောကြားခဲ့ကြသည့် စက်တင်ဘာ ၁၄ ရက် ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုသည် လုံးဝ အဓိပ္ပာယ်မရှိဟုလည်း ၎င်းက ဆိုသည်။
“အဲဒီမှာ မဟာဗျူဟာအရ ဘာပန်းတိုင်မှ မရှိပါဘူး။ ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုရဲ့ ငါးရာခိုင်နှုန်းကို တိုက်ခိုက်တာမျိုးကို အရူးပဲ လုပ်ပါလိမ့်မယ်။ တစ်ခုတည်းသော မဟာဗျူဟာ ရည်မှန်းချက်က သူတို့ဟာ မိုက်မဲကြောင်းနဲ့ ဒါ သူတို့လုပ်ခဲ့ကြောင်းကို သက်သေပြဖို့ပါပဲ” ဟု ဆော်ဒီမင်းသားက ပြောကြားခဲ့သည်။
ဆော်ဒီ အိမ်ရှေ့မင်းသားအား လွန်ခဲ့သည့်နှစ် အောက်တိုဘာက ဂျာနယ်လစ် ဂျာမောခါရှိုဂျီအား သတ်ဖြတ်၍ အပိုင်းပိုင်း ဖြတ်တောက်ရန် အမိန့်ပေးမှုကို လုပ်ဆောင်ခဲ့သလားဟု မေးမြန်းခဲ့ကြသည်။
အိမ်ရှေ့မင်းသားက “လုံးဝကို မဟုတ်ပါဘူး။ ဒါဟာ သိပ်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုပါ။ ဒါပေမဲ့ ဆော်ဒီအာရေဗျ ရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အပြည့်အဝ တာဝန်ယူပါတယ်။ အထူးသဖြင့် ဒါကို ကျူးလွန်ခဲ့သူက ဆော်ဒီအစိုးရအတွက် အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်နေလို့ပါပဲ။ ဆော်ဒီအစိုးရအတွက် အလုပ်လုပ်နေတဲ့ အရာရှိတွေက ဆော်ဒီနိုင်ငံသား တစ်ဦးအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့အခါ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် တာဝန်ယူရပါမယ်။ ဒါကတော့ မှားယွင်းမှုတစ်ခုပါ” ဟု ပြောကြားခဲ့သည်။














