စားသောက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းခြင်း၊ အန္တရာယ်ဖြစ်စေသည့် လူသုံးကုန်များ ဖြန့်ဖြူးရောင်းချခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိန်းချုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ပါက အရေးယူလျက်ရှိဟုဆို

စားသောက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းခြင်း၊ အန္တရာယ်ဖြစ်စေသည့် လူသုံးကုန်များ ဖြန့်ဖြူးရောင်းချခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိန်းချုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ပါက အရေးယူလျက်ရှိဟုဆို
Published 13 October 2017

ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် FDA အစားအသောက်နှင့် ပတ်သက်၍ လိုက်လံစစ်ဆေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

စားသောက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းခြင်း၊ အန္တရာယ်ဖြစ်စေသည့် လူသုံးကုန်များ ဖြန့်ဖြူးရောင်းချမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိန်းချုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ပါက အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြောကြားသည်။

ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏ နေ့စဉ်စားသုံးနေသည့် စားသုံးကုန်များတွင် ဓာတုဗေဒပစ္စည်းများ ပါဝင်ခြင်းကို ကြိုတင်တားဆီးနိုင်ရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးကုန်၊ လူသုံးကုန်များအား ပြည်သူလူထုသုံးစွဲခြင်း မပြုနိုင်ရေးနှင့် တားဆီးကာကွယ်ရန် အစီအစဉ်ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းရာတွင် ဝန်ကြီးဦးမြင့်သောင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးနေကြသည့် စားသောက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းချက် အပါအဝင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ စားသုံးကုန်များ၊ လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများကို ထိန်းချုပ်နိုင်ရန်အတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပါအဝင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွေ ပါဝင်သောဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးဟောပြောခြင်းနှင့် လိုအပ်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

လူအများစုနေ့စဉ် စားသုံးနေသည့် အစားအစာများတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်လျက်ရှိကြောင်း၊ အလားတူ အလှကုန်ပစ္စည်းများတွင်လည်း ဓာတုပစ္စည်းများပါဝင်ကြောင်း၊ ကလေးငယ်များ စားသုံးနေသည့် မုန့်ပဲသရေစာများတွင်လည်း ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

“ငရုတ်သီးမှုန့်၊ ငါးပိ၊ နောက်ဆုံးမှာ မုန့်ဟင်းခါးဖတ်ကအစ မြန်မာလူမျိုးများ နေ့တိုင်းစားသုံးနေကြတဲ့ မုန့်ဟင်းခါးဖတ်ထဲမှာ ဖော်မလင်တွေ ထည့်လာတယ်ဆိုတာ သိရပါတယ်။ ပဲပြား၊ ပဲသွေး၊ ကော်ဖီမစ်ထုပ်ထဲမှာ အန္တရာယ်ရှိတဲ့ အရောအနှောများ ထည့်တယ်ဆိုတာ သိရပါတယ်။ အထူးသဖြင့်တော့ ကလေးသူငယ်များ ကျောင်းတွေမှာ မုန့်ပဲသွားရေစာနဲ့ ပတ်သက်ပြီးတော့ အခြားမုန့်အမျိုးမျိုးနဲ့ ဆီးထုပ်တို့မှာ ဆိုးဆေးများဟာ အန္တရာယ်ပေးတယ်ဆိုတာကို သိရှိရပါတယ်။ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများမှာလည်း အန္တရာယ်ပေးတဲ့ ဓာတုဗေဒပစ္စည်းများ၊ စံချိန်စံညွှန်းနဲ့မမီတဲ့ ပစ္စည်းများဖြစ်တယ်ဆိုတာလည်း သိရှိရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၊ တိုင်းဒေသကြီး စက်မှုလက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စားသုံးသူကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

Most Read

Most Recent