ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသ၌ အမှိုက်ပြဿနာဖြေရှင်းနိုင်ရန် စျေးဆိုင်များအား ရန်ပုံငွေ ရာခိုင်နှုန်း ၂၀ တိုးမြှင့်ကောက်ခံသွားမည်ဟုဆို 

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသ၌ အမှိုက်ပြဿနာဖြေရှင်းနိုင်ရန် စျေးဆိုင်များအား ရန်ပုံငွေ ရာခိုင်နှုန်း ၂၀ တိုးမြှင့်ကောက်ခံသွားမည်ဟုဆို 
ကျိုက်ထီးရိုးရှိ စျေးဆိုင်ခန်းများအား တွေ့ရစဉ် 
ကျိုက်ထီးရိုးရှိ စျေးဆိုင်ခန်းများအား တွေ့ရစဉ် 
Published 11 October 2018
မောင်မောင်ရွှေမြိုင်၊ ဘိုဘိုမြင့်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသ၌ အမှိုက်ပြဿနာ ဖြေရှင်းနိုင်ရန်အတွက် (၂၀၁၈-၂၀၁၉) ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွက် စျေးဆိုင်များအား ရန်ပုံငွေ ရာခိုင်နှုန်း ၂၀ တိုးမြှင့်ကောက်ခံသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ 

“အဓိက,က ကျိုက်ထီးရိုးဒေသနဲ့ ပတ်သက်ပြီးတော့ အမှိုက်ပြဿနာ ရှိနေတယ်။ အဲဒါကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အမှိုက်ခွဲတဲဲ့စက်ရုံနဲ့ အမှိုက်မီးရှို့တဲ့စက်ရုံ လိုအပ်နေတယ်။ အဲဒီစက်ရုံတွေအတွက်ကို ကျပ်သန်း ၈၀၀ လောက် ကုန်ကျမယ်။ ဒါကို စေတီတော်ကြီးရဲ့ ဘဏ္ဍာငွေ အသုံးပြုသွားမယ်ဆိုပေမဲ့ ငွေက လိုအပ်နေသေးတယ်။ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ကလည်း ကူညီပေးသွားဖို့ ရှိပါတယ်။ ဒီနှစ်အတောအတွင်း ကျိုက်ထီးရိုးဒေသမှာ အမှိုက်သန့်ရှင်းရေးကို ဦးစားပေးပြီးတော့ လုပ်ဆောင်သွားပါမယ်။ ကျိုက်ထီးရိုးဒေသမှာရှိနေတဲ့ အမှိုက်တွေကို ရှင်းလင်းစေချင်လို့ စျေးဆိုင်တွေကို ရန်ပုံငွေ ရာခိုင်နှုန်း ၂၀ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ရာခိုင်နှုန်း ၂၀ က မများပါဘူး။ အဲဒါကို အကြောင်းပြပြီးတော့ စျေးဆိုင်တွေ စျေးတင်ရောင်းမယ်ဆိုရင်တော့ အရေးယူသွားပါမယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

ထို့ပြင် အမှိုက်သန့်ရှင်းရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးရရှိရေး မိလ္လာစနစ်နှင့် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နေသည့်အပြင် ဘုရားဖူး ရဟန်းရှင်လူများအတွက် ရေသန့်စင်စက်များ၊ သန့်စင်ခန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းနှင့် စေတီတော်ကြီး၏ ဘဏ္ဍာတော်ငွေမှာ အောက်တိုဘာ ၉ ရက်အထိ ကျပ်ကိုးဘီလျံကျော်ရှိကြောင်း ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဒေသရှိ လုပ်ငန်းများနှင့် စျေးဆိုင်များကို ယမန်က ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများကိုသာ လုပ်ပိုင်ခွင့်ပေးထားကြောင်း ကျိုက်ထီးရိုးဒေသ၌ ကင်မွန်းစခန်း၊ ရေမြောင်ကြီးစခန်း၊ ရသေ့တောင်စခန်းနှင့် ရင်ပြင်တော်စခန်းများ၌ လုပ်ငန်းများနှင့် ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ရှိပြီး လုပ်ငန်း အမျိုးအစားပေါင်း ၅၀ ခန့်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွက် စျေးဆိုင်ခန်းများနှင့် လုပ်ငန်းများ၌ လေလံရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၀ ခန့်ရရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ (ယာယီ) ထံမှ သိရသည်။

ယမန်နှစ်က ရန်ပုံငွေများကို ဆိုင်ခန်းကြီးငယ်ပေါ်မူတည်ပြီး အများဆုံး ကျပ်သိန်း ၁၀၀ ကျော်မှ အနည်းဆုံး ကျပ်သိန်း ၈၀ ကျော် ပေးသွင်းရကြောင်း၊ လုပ်ငန်းများတွင်လည်း လုပ်ငန်းကြီးငယ်ပေါ်မူတည်ကာ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်မှ အနည်းဆုံး ကျပ်ငါးသိန်းဝန်းကျင် ရှိခဲ့သည်ဟု ဂေါပကအဖွဲ့၏ စာရင်းအရ သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ပြုလုပ်သည့် မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲသို့ နှစ်စဉ်ပြည်တွင်း၊ ပြည်ပဘုရားဖူး သုံးသန်းကျော် လာရောက်လေ့ရှိကြောင်းနှင့် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဧပြီလများအတွင်း ဘုရားဖူးလာရောက်သူများ အလွန်များပြားလေ့ရှိကြောင်း ဂေါပကအဖွဲ့၏ ပြောကြားချက်များအရ သိရသည်။  

Most Read

Most Recent