ချယ်လ်ဆီးတောင်ပံကစားသမား အေဒင်ဟာဇက်နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးတောင်ပံကစားသမား အေဒင်ဟာဇက်နှင့် တွေ့ဆုံခြင်း
Photos: AFP
Photos: AFP
Published 10 October 2018

 

မေး ■ မင်္ဂလာပါ အေဒင်ရေ။ ခင်ဗျားတို့အသင်းက ဒီရာသီမှာတော့ အပြစ်ဆိုဖွယ်ရာမရှိလောက်အောင် ကောင်းခြင်းအတိပြီးနေတယ်။ ဒီ အတိုင်းဆို မန်စီးတီး၊ လီဗာပူးလ်တို့လိုအသင်းတွေကို ယှဉ်နိုင်ဖို့ အဆင် သင့်ဖြစ်နေပြီလို့ ပြောလို့ရမလား။

ဖြေ ■ သေချာတာပေါ့။ ကျွန်တော်တို့က မန်စီးတီးနဲ့ လီဗာပူးလ်ကို ကောင်းကောင်းစိန်ခေါ်နိုင်ပြီလို့ ထင်ပါတယ်။ သူတို့က လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးနှစ်သင်းဆိုတာ မှန်ပါတယ်။ ကျွန်တော် ဒါကိုလည်း သံသယမရှိဘူး။ ဒါပေမဲ့ လီဗာပူးလ်နဲ့ နှစ်ပွဲကစားပြီးတဲ့အချိန်မှာ ကျွန်တော်တို့အတွက်လည်း မခဲယဉ်းဘူးဆိုတာကို သဘောပေါက်လာတယ်။ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်ရှိတယ်။ နိုင်ပွဲတွေလည်း ခပ်စိပ်စိပ်မြင်ရတယ်။ ဒါက ချန်ပီယံဆုဟာ ကျွန်တော်တို့နဲ့ အဝေးကြီးမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ရာသီကုန်ရင်တော့ ကျွန်တော်တို့လက်ထဲမှာ ဘာတွေဆုပ်ကိုင်ထားမိပြီလဲဆိုတာ အားလုံးမြင်ရမှာပါ။

မေး ■ ကမ္ဘာ့ဖလားအပြီးမှာ ခင်ဗျားအတွက် ခက်ခဲတဲ့အချိန်တွေရှိခဲ့မယ်ထင်တယ်။ အပြောင်းအရွှေ့သတင်းတွေရဲ့ခေါင်းကြီးပိုင်းမှာ ခင်ဗျားလည်း ပါခဲ့သေးတာပဲမဟုတ်လား။

ဖြေ ■ မှန်ပါတယ်။ ဒီအချိန်မှာ ခင်ဗျားကို  အမှန်တရားတစ်ခု ပြောပြရတော့မယ်။ ဘာလဲဆိုတော့ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော် ချယ်လ်ဆီးကထွက်ချင်ခဲ့တယ်ဆိုတာပဲ။ အကြောင်းရင်းကတော့ စပိန်မြေမှာကစားဖို့က ကျွန်တော့်အိပ်မက် ဖြစ်နေလို့ ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်ဆက်နေဖြစ်ရင်လည်း ပြဿနာမရှိတဲ့အကြောင်း ဘုတ်အဖွဲ့နဲ့ အသင်းမန်နေဂျာကို ပြောပြခဲ့တယ်။ အသင်းသားတွေက ဆာရီ လက်အောက်မှာ ကစားရတာကို ပျော်ရွှင်ကြတယ်။ အရေးအကြီးဆုံးက ကျွန်တော်ကိုယ်တိုင်လည်း အရင်ထက်ပိုပြီး နေပျော်လာတယ်။

မေး ■ ဒါဆို ခင်ဗျားရဲ့အနာဂတ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာပဲ ကျောက်ချနေဖို့ စိတ်ကူးထားတယ်ပေါ့။

ဖြေ ■ သေချာတာပေါ့။ ကျွန်တော် ဒီမှာပဲရှိနေမှာပါ။ ကျွန်တော် ဒီအသင်းကိုချစ်တယ်။ ပြီးတော့ ပရိသတ်တွေနဲ့ အသင်းဖော်တွေ၊ ကျွန်တော်နေတဲ့မြို့၊ အားလုံးကိုပေါ့ဗျာ။ နောက်ပြီး သူတို့ ကျွန်တော့်ကိုပြန်ပေးတဲ့ ချစ်ခြင်းတရားက ဒီမှာနေရတာကို သက်သောင့်သက်သာ ပိုရှိစေတယ်လို့ထင်တယ်။ ဒါပေမဲ့ သိထားရမှာတစ်ခုက ကျွန်တော်တို့့ဟာ ဖြစ်နိုင်ခြေကိုတော့  မေ့ထားလို့မရဘူး။ ဥပမာ ကျွန်တော် အသင်းက ထွက်သွားတာ မျိုးပေါ့။ ဒါလည်း ဖြစ်နိုင်တာပဲလေ။ အဓိက က အသင်းမှာရှိနေတာပဲဖြစ်ဖြစ် အသင်းပြောင်းသွားတာပဲဖြစ်ဖြစ် ကျွန်တော် ပျော်နေရဖို့ပဲ။

မေး ■ ဆာရီကရော ခင်ဗျားတို့အတွက် ဘယ်လိုနည်းပြမျိုးလဲ။

ဖြေ ■ ဆာရီက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ သူရောက်လာပြီးမှ အသင်းရဲ့အဝတ်လဲခန်းမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေ မြင်လာရတယ်။ ကစားသမားတွေကြားမှာ အတ္တတွေ ပြိုင်နေတာမျိုးလည်း မရှိတော့ဘူး။ ဒါက အလုပ်လုပ်ရတာ ပိုပြီးကောင်းစေတဲ့ အချက်ပဲ။ နောက်ပြီး ဆာရီက ကျွန်တော့်ကို ဂိုးတွေသွင်းဖို့ တွန်းအားပေးခဲ့ပါတယ်။ သူ့ဆန္ဒအတိုင်း ဂိုး (၂၀) လောက်သွင်းယူနိုင်ဖို့ ကျွန် တော် ကြိုးစားမှာပါ။

မေး ■ အကောင်းဆုံးကစားသမားနဲ့ သွင်းဂိုးတွေက တိုက်ရိုက်ပတ်သက်တယ်လို့ လူတွေက မြင်နေကြပြီ။ စီရော်နယ်လ်ဒို၊ မက်ဆီတို့လို ကစားသမားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဒီထက်ဂိုးပိုသွင်းသင့်တယ်ဆိုတဲ့ အ ကြံပြုမှုတွေလည်း ရှိနေတယ်။ ဒီတော့ သွင်းဂိုးတွေအပေါ် ခင်ဗျားရဲ့ ခံယူချက်ကရော ဘယ်လိုရှိမလဲ။

ဖြေ ■ ခင်ဗျားအတွက်ကော ဘယ်လိုပုံစံက အကောင်းဆုံး ကစားသမားမျိုးလဲ။ ဆိုပါတော့။ ခင်ဗျားက ဂိုးတွေပိုသွင်းတဲ့သူကို အကောင်းဆုံးလို့ထင်တယ်။ ဒါပေမဲ့ တခြားတစ်ယောက်က ဒီလိုတွေးချင်မှတွေးမှာပေါ့။ ခင်ဗျားအနေနဲ့ ဒါကိုတော့နားလည်ထားရမယ်။ ကျွန်တော့်ကို အကောင်းဆုံးလို့ လူတွေမြင်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုမမြင်လို့လည်း ကျွန်တော်က ထူးပြီးဂရုစိုက်နေမှာမဟုတ်ဘူး။ ဂိုးတွေရနေတာက ကျွန်တော့်အတွက် ကောင်းတဲ့အရာပါ။ ခြေစွမ်းပြနိုင်တယ်၊ ဂိုးမသွင်းနိုင်ဘူး။ ဒါဆိုရင်လည်း ကျွန်တော့်အတွက်က ပြည့်စုံနေပြီ။ အရေးကြီးတာက အသင်းအနိုင်ရဖို့ပဲ မဟုတ်လား။

Most Read

Most Recent