ငြိမ်းချမ်းရေးကော်မရှင်၏ ကိုယ်စားလှယ်အချို့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်အချို့ ချင်းမိုင်၌ တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်၏ ကိုယ်စားလှယ်အချို့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်အချို့ ချင်းမိုင်၌ တွေ့ဆုံ
Published 5 September 2017

ငြိမ်းချမ်းရေးကော်မရှင်၏ ကိုယ်စားလှယ်အချို့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာ ၄ ရက်က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင် ဖြေဆိုခြင်းမရှိဘဲ (UNFC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဇော်ထံ ဆက်သွယ်ရာ ၎င်းအနေဖြင့် အဆိုပါ တွေ့ဆုံမှုအား မသိရှိကြောင်း ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ သြဂုတ် ၁၀ ရက်မှ ၁၁ ရက်ထိ ဆဋ္ဌမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး UNFC ၏ အဆိုပြုချက် ရှစ်ချက်အနက် လေးချက်အား ပြေလည်မှု ရရှိခဲ့ပြီး ကျန်လေးချက် အပါအဝင် အချက်ရှစ်ချက် စလုံးအား သဘောတူညီမှု ရရှိရန် နှစ်ဖက် ခေါင်းဆောင်များအား ပြန်လည်တင်ပြကာ ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ပြီး လက်ရှိအချိန်ထိ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ခြင်း မရှိသေးပေ။

“လေးချက် သဘောတူတယ်လို့တော့ မဟုတ်ဘူးပေါ့။ လေးချက် ဆွေးနွေးမှု ပြီးပြတ်တယ်။ ကျန်တဲ့ လေးချက် ဆွေးနွေးဖို့ ကျန်တယ်။ အဲဒီလိုမျိုးပေါ့။ အဲဒီညှိနှိုင်း သဘောတူညီမှုက ရှစ်ချက်စလုံး နောက်ဆုံး ဆွေးနွေးမှု ပြီးပြတ်ပြီးတော့မှ သဘောတူညီမှု ထွက်လာမှာ ဖြစ်တယ်။ အနေအထားကတော့ အခုထက်ထိ တွေ့ဆုံဆွေးနွေးမှု ထပ်မလုပ်နိုင်သေးဘူး။ အဲဒီအပေါ်မှာ ဘာမှ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ဘက်မှာ DPN မှာ အစည်းအဝေး ပြန်ထိုင်ထားပြီးပြီ။ ဒါပေမဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ထဲမှာ ညှိနှိုင်းဖို့ ရှိသေးတယ်” ဟု ဦးထွန်းဇော်က ပြောကြားသည်။

အစိုးရသို့ UNFC ၏ အဆိုပြုချက်များအနက် ဆွေးနွေးရန် ပြီးပြတ်သွားသည့် အချက်များမှာ (၁) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်က ဤသဘောတူညီချက် ရရှိပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဝင် အဖွဲ့ဝင် အဖွဲ့အစည်းများက ၄၈ နာရီအတွင်း အသီးသီး ထုတ်ပြန်သွားရန်၊ (၂) လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်၊ (၃) နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အားလုံးတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်စေပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြား ပါဝင် သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန်နှင့် (၄) ၂၁ ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရန်တို့ ဖြစ်သည်။

ထို့ပြင် ညှိနှိုင်းရန်ကျန်ရှိသည့် အဆိုပြုချက်များမှာ အချက်နံပါတ် (၅) နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် နှစ်ဖက် လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေးလမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည်ချထားရေးတို့ကို ကြိုတင် သဘောတူညီမှု ရယူရန်၊ (၆) အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများယုံကြည် လေးစားသော ပုဂ္ဂိုလ်များပါဝင်သော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ကို နှစ်ဖက် သဘောတူလက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန် ဖြစ်သည်။

ထို့အတူ အချက် (၇) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ဤသဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက် သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှုခံယူရန် ဖြစ်ကြောင်း အချက်တို့သည် အစိုးရနှင့် UNFC ကြား ညှိနှိုင်းနေဆဲ ဖြစ်သည်။

အဆိုပြုချက် ကိုးချက်မြောက်အနေဖြင့် အဆိုပြုချက် ရှစ်ချက်ကို နှစ်ဖက်ညှိနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိပြီးသည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးရန်ဟူ၍ ဖြစ်သည်။

Most Read

Most Recent