မျက်မှောက်နိုင်ငံရေး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ကျော် တွေ့ဆုံဆွေးနွေး

မျက်မှောက်နိုင်ငံရေး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ကျော် တွေ့ဆုံဆွေးနွေး
Published 13 May 2018

တရားဝင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ မျက်မှောက်နိုင်ငံရေး အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၂ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်းရှိ YWCA ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အပါအဝင် ပါတီစုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ လွှတ်တော်ထဲမှာ ရောက်သွားတဲ့ ပါတီကိုယ်စားလှယ်တွေရှိတယ်။ လွှတ်တော်ထဲကိုမရောက်တဲ့ ပါတီကိုယ်စားလှယ်တွေလည်းရှိတယ်။ အဲဒီတော့ပြောမယ်ဆိုရင်တော့ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပပေါ့။ အဲဒီတော့ ကျွန်တော်တို့တွေ လွှတ်တော်ထဲမပါလို့ ဒီအတိုင်းပဲ ဘေးထိုင်ပြီးတော့ နေရတော့မလား။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကတော့ ပါဝင်ရမယ်လို့ပဲ ခံယူတယ်။ အဲဒီတော့ ဒီနေရာမှာ အချို့အချို့ ပါတီတွေလည်းပဲ ဒီရွေးကောက်ပွဲ မပါတဲ့အတွက်ကြောင့်မို့လို့ အသာလေးပဲ ဒီအတိုင်းထိုင်နေတဲ့ သဘောပေါ့ တွေ့နေရတယ်။ ကျွန်တော့်ဆန္ဒကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ နိုင်ငံနဲ့နိုင်ငံသားတွေအတွက် ကျွန်တော်တို့ အကျိုးပြုမယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ပါတီတွေအားလုံး ပါရမှာပဲ” ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးဝိုင်းဝန်း ပါဝင်ပတ်သက်ရန်လိုကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးမှုလည်း ရှိရန်လိုကြောင်း ဦးစောထွန်းအောင်မြင့်က ဆွေးနွေးအကြံပြုသည်။

“အဲဒီတော့ ကျွန်တော်တို့တွေက ဘယ်လိုပါဝင်ပတ်သက်မလဲ။ ဒါကို ဒီနေ့ဖြစ်ပျက်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အကောင်းမြင်ဝါဒနဲ့ပေါ့နော်။ ကျွန်တော်တို့ပါဝင်ဆွေးနွေးပြီးတော့ အဖြေလေးဝိုင်းဝန်းကူညီပြီးတော့ အစိုးရကို အထောက်အကူပြုနိုင်ရင် ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်တယ်လို့ ကျွန်တော်ခံယူတယ်” ဟု ဦးစောထွန်းအောင်မြင့်က ဆွေးနွေးပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ စီးပွားရေးကိစ္စများကို တရားဝင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ မျက်မှောက်နိုင်ငံရေး အခြေအနေအရပ်ရပ် တွေ့ဆုံဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောကြားသည်။

Most Read

Most Recent