ထားဝယ်မြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး လူတစ်ဦးသေဆုံးကာ ၎င်း၏ဘောင်းဘီအိတ်အတွင်းမှ WY ဆေးပြား ၂၀၀ ကျော် ဖမ်းဆီးရမိ

ထားဝယ်မြို့တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး လူတစ်ဦးသေဆုံးကာ ၎င်း၏ဘောင်းဘီအိတ်အတွင်းမှ WY ဆေးပြား ၂၀၀ ကျော် ဖမ်းဆီးရမိ
Published 29 April 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဧပြီ ၂၇ ရက်ညက ကားနှင့်ဆိုင်ကယ်တိုက်မိရာမှ လူတစ်ဦးသေဆုံးပြီး သေဆုံးသူ၏ ဘောင်းဘီအိတ်အတွင်းမှ WY ဆေးပြား ၂၀၀ ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီ ၂၇ ရက် ည ၈ နာရီခွဲခန့်က ကမြောကင်းတံတားဘက်မှ ဆန်းချီလမ်းဆုံဘက်သို့ ထားဝယ်မြို့နယ် ဓားသွေးကျောက်ရွာနေ ယာဉ်မောင်းအောင်တင်ဝင်း (၄၀ နှစ်) မောင်းနှင်လာသော ယာဉ်အမှတ် F/----Nissan အမျိုးအစား စိမ်း၊ ဖြူရောင်ယာဉ်မှာ မြို့သစ် (၄) လမ်းဘက်သို့ဝင်ရောက်ရန် ဝဲဘက်သို့ ချိုးကွေ့ဝင်ရောက်စဉ် မျက်နှာချင်းဆိုင်ယာဉ်ကြောမှ ထားဝယ်မြို့ ကညုံရပ်ကွက်နေ ထားဝယ်အဝေးသင်တက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်သူ အောင်သူရဇော် (၁၉ နှစ်) မောင်းနှင်လာသော Click-i စစ်စိမ်းရောင်ဆိုင်ကယ်အား တိုက်မိသောကြောင့် အောင်သူရဇော်တွင် ဝဲပါး၊ မေးစေ့နှင့် ဒူးတွင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် တင်ပို့ခဲ့ရကြောင်း သိရသည်။ ထို့နောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသော ၎င်းလူနာဝတ်ဆင်ထားသည့် ဘောင်းဘီခါးကြားထဲတွင် မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်း အကြောင်းကြားချက်အရ ထားဝယ်မြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်နှင့်အဖွဲ့က သက်သေများဖြင့် သွားရောက်စစ်ဆေးရာ အအေးစုပ်ပိုက်များဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၃၃ ပြား၊ အစိမ်းရောင်နှစ်ပြား စုစုပေါင်း ၂၃၅ ပြား၊ အလေးချိန် ၂၃ ဒသမ ၅ ဂရမ် ကာလတန်ဖိုး တစ်ပြားလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ကျပ် ၁၁၇၅၀၀၀၊ Mi အမျိုးအစားဖုန်းတစ်လုံး၊ ကျောင်းသားကတ်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

“ကားသမားကိုက ပထမလူနာက မသေသေးတော့ ၃၃၈ နဲ့ပဲဖွင့်ထားတယ်။ ဟိုဘက်ကကျတော့ မူးယစ်ဆေးဝါးက မူးယစ်ဆေးဝါးအမှုနဲ့ပေါ့နော်။ အခုတော့ လူနာကသေသွားလို့ ၃၀၄(က)နဲ့ ပြောင်းပြီးဖွင့်ထားတယ်။ ဆေးမိတဲ့အမှုက လက်ရှိတရားခံက ဆုံးသွားပြီးတော့ တရားခံသေဆုံးမှုနဲ့ အမှုပိတ်တဲ့အပိုင်းတွေ ဆက်လုပ်ရမှာပေါ့။ အမှုကတော့ လက်ရှိတောက်လျှောက် စစ်တော့စစ်ဦးမယ်။ ရလာတဲ့အချက်လေးတွေကြည့်ပြီးတော့မှ နောက်ဆက်တွဲတွေရဦးမလား။ ကြည့်ဦးမှာပေါ့။ ဒါပေမဲ့ အခုကသေသွားပြီဆိုတော့ မေးစရာမရှိတော့ဘူးဆိုတော့ အားနည်းသွားတာပေါ့။ နောက်ဆက်တွဲပေါ်ဖို့ အားနည်းသွားပြီ။ နောက်ဆက်တွဲ မပေါ်တော့ဘူးဆိုတော့ သေဆုံးမှုနဲ့ အမှုပိတ်သွားမှာပေါ့” ဟု ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။

လက်ရှိတွင် ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အောင်တင်ဝင်းအား ဖမ်းဆီးထားပြီး ထားဝယ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈ မှ ၃၀၄ (က)သို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်းနှင့် မူးယစ်ဆေးဝါးများအား ရောင်းချရန် လက်ဝယ်ထားရှိသူ အောင်သူရဇော်အား ထားဝယ်မြို့မရဲစခန်းက မယ(ပ) ၃၉/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent