မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ယာဉ်အသင်းများအား လုပ်အားယှဉ်ပြိုင်ဆု ကျပ်သိန်းပေါင်း ၅၀၀ ကျော် ပေးအပ်ခဲ့

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ယာဉ်အသင်းများအား လုပ်အားယှဉ်ပြိုင်ဆု ကျပ်သိန်းပေါင်း ၅၀၀ ကျော် ပေးအပ်ခဲ့
Published 5 April 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ယာဉ်အသင်းများအား လုပ်အားယှဉ်ပြိုင် ဆုပေးအပ်ပွဲ ပြုလုပ်စဉ်

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အသင်းလက်အောက်ရှိ ယာဉ်အသင်း ၄၀၀ ကျော်ထဲမှ တစ်နှစ်တာ လုပ်အားယှဉ်ပြိုင်ဆု ယာဉ်လိုင်းများအား ရွေးချယ်သတ်မှတ်ကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရှိ ရွှေမန္တလေးခန်းမတွင် ပြုလုပ်ခဲ့သည်။

နှစ်စဉ် လုပ်အားယှဉ်ပြိုင်ဆုငွေအဖြစ် အသင်းဝင်ယာဉ်လိုင်းများမှ ပေးဆောင်သည့် စည်းကြပ်ခများအပေါ်မူတည်ကာ ဥပဒေအရ ရာခိုင်နှုန်းအလိုက် ပြန်လည်သတ်မှတ်ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဆုရအသင်းပေါင်း ၃၃၈ သင်းအတွက် ဆုငွေကျပ် ၅၃၁၆၅၀၀၀ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်လောကသားတွေ နှစ်စဉ်တစ်နှစ်တာမှာ သူတို့ပေးသွင်းတဲ့ ငွေကြေးတွေကနေပြီး ဥပဒေပါအတိုင်း ၁၀ ရာခိုင်နှုန်းကို ပြန်ပေးတာဖြစ်တယ်။ အသင်းဝင်ယာဉ်လိုင်း ၅၀၆ သင်းရှိတဲ့အထဲမှာ အမှန်တကယ်ပြေးဆွဲတဲ့ ယာဉ်အသင်းက ၄၀၀ ကျော်ရှိတယ်။ အဲဒီအထဲကမှ ဒီနေ့ယာဉ်အသင်း ၃၃၈ သင်းကို ဆုငွေပြန်ပေးအပ်တာဖြစ်တယ်။ ဆုပေးတဲ့အခါမှာ ပေးသွင်းတဲ့စည်းကြပ်ခပေါ် မူတည်ပြီး ခွဲတာဖြစ်တယ်။ တစ်နှစ်အတွင်းမှာ စည်းကြပ်ခ တစ်သိန်းပေးသွင်းတဲ့လူကစပြီးပါတယ်။ တစ်သိန်းကနေ လေးသိန်းပေးသွင်းရင် ၁၀ ရာခိုင်နှုန်း၊ လေးသိန်းအထက်ပေးသွင်းရင် ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းပေးတယ်။ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုအသင်းတွေကတော့ ထပ်ဆောင်းဆုကြေးရော ပါဝင်ရရှိတာဖြစ်တယ်။ ပေးသွင်းမှုနှုန်းထားတွေနဲ့ဖြတ်ပြီး နှစ်တိုင်းပေးတာဖြစ်တယ်။ အရင်နှစ်က ကျပ်သိန်း ၄၀၀ ကျော်ပေးခဲ့တယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ဆုအဖြစ် မန္တလေးရှိ ယာဉ်ရပ်နားစခန်းများဖြစ်သည့် သီရိမန္တလာယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်း၊ ဒေါနဘွားယာဉ်ရပ်နားစခန်း၊ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်းများမှ အဝေးပြေးယာဉ်အသင်းအလိုက် မိုင် ၅၀ အောက်၊ မိုင် ၁၀၀ အောက်၊ မိုင်၁၀၀ အထက် ယာဉ်အသင်းများခွဲ၍ ဆုအဖြစ် အမျိုးအစားတစ်ခုလျှင် ပထမ၊ ဒုတိယ၊ တတိယဆုများအဖြစ် ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကောက်ခံရရှိသည့် စည်းကြပ်ငွေများကို ခေါင်းစဉ်အလိုက် လူမှုရေး၊ ဘာသာရေးလုပ်ငန်းများတွင် ထောက်ပံ့လှူဒါန်းခြင်းများအပြင် ယာဉ်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများအတွက် ရရှိသည့်အခွန်ငွေများထဲမှ ဆုကြေးငွေအဖြစ် ယခုဆုများကို ပြန်လည်ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့အတူ ပညာရေးထောက်ပံ့မှုအဖြစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကူညီခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent