ပူတင်က အိန္ဒိယ၌ ဒေါ်လာဘီလျံများစွာတန်ဖိုးရှိ လက်နက်အရောင်းအဝယ် သဘောတူညီချက်ရရှိရန် ကြိုးပမ်း

ပူတင်က အိန္ဒိယ၌ ဒေါ်လာဘီလျံများစွာတန်ဖိုးရှိ လက်နက်အရောင်းအဝယ် သဘောတူညီချက်ရရှိရန် ကြိုးပမ်း
ဇူလိုင် ၂၇ ရက်တွင် ဂျိုဟန်နက်စဘတ်မြို့၌ ၁၀ ကြိမ်မြောက် BRICS ထိပ်သီးဘေးဆွယ် တွေ့ဆုံမှုတွင် ရုရှားသမ္မတ ပူတင် (ယာ) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ဝဲ) တို့ ဆွေးနွေးနေစဉ် (Photo: AFP)
ဇူလိုင် ၂၇ ရက်တွင် ဂျိုဟန်နက်စဘတ်မြို့၌ ၁၀ ကြိမ်မြောက် BRICS ထိပ်သီးဘေးဆွယ် တွေ့ဆုံမှုတွင် ရုရှားသမ္မတ ပူတင် (ယာ) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (ဝဲ) တို့ ဆွေးနွေးနေစဉ် (Photo: AFP)
Published 4 October 2018
Ref: AFP

အိန္ဒိယတွင် ဒေါ်လာဘီလျံများစွာတန်ဖိုးရှိ လက်နက်အရောင်းအဝယ် သဘောတူညီချက်များ ရရှိနိုင်ရန် ရုရှားသမ္မတဗလာဒီမာပူတင်သည် အောက်တိုဘာ ၄ ရက်တွင် အိန္ဒိယသို့ ခရီးစဉ်ထွက်ခွာခဲ့ရာ တရုတ်၊ အမေရိကန်နှင့် ပါကစ္စတန်တို့ကို စိတ်မသက်မသာ ဖြစ်စေမည်ဖြစ်သည်။ ရုရှားလက်နက်များအား ဝယ်ယူသည့်နိုင်ငံများသည် ပိတ်ဆို့အရေးယူမှုများ ကြုံရနိုင်ကြောင်း အမေရိကန်က သတိပေးခဲ့သော်လည်း ပူတင်နှင့် ရုရှားအစိုးရဝန်ကြီးများ လိုက်ပါသော အိန္ဒိယခရီးစဉ်၏ အဓိကရည်ရွယ်ချက်သည် ဒေါ်လာငါးဘီလျံတန်ဖိုးရှိသော ရုရှား၏ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် S-400 အရောင်းအဝယ် သဘောတူညီချက်ကို လက်မှတ်ထိုးရန်ဖြစ်ကြောင်း ကရင်မလင်က ခရီးစဉ်မတိုင်မီ ထုတ်ပြန်ခဲ့သည်။

ရုရှား၏ Sukhoi Su-35 တိုက်လေယာဉ်များနှင့် နောက်ပိုင်းတွင် S-400 ဒုံးစနစ်များအား ဝယ်ယူမှုအတွက် အမေရိကန်သည် ပြီးခဲ့သောလတွင် တရုတ်စစ်ဘက်ကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ သို့သော် တရုတ်၏ မြင့်တက်လာ သောရဲတင်းမှုများအား တန်ပြန်နိုင်ရန် အတွက် ကြိုးပမ်းနေသော အိန္ဒိယနှင့် ပတ်သက်၍မူ အမေရိကန်သည် ခက်ခဲသော အနေအထား၌ ကြုံနေရသည်။ 

၀ါရှင်တန်နှင့် နယူးဒေလီတို့သည် ၂၀၁၉ ခုနှစ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ကျင်းပရန်၊ အလွန်အရေးကြီးသော စစ်ဘက်သတင်းအချက်အလက်များအား ဖလှယ်ရန်အတွက် ပြီးခဲ့သောလတွင် သဘောတူခဲ့သည်။ အမေရိကန်သည် ယခုအခါ အိန္ဒိယသို့ လက်နက်တင်ပို့မှု ဒုတိယအများဆုံးဖြစ်ပြီး ရုရှားက ပထမဖြစ်နေဆဲ ဖြစ်သည်။

ပူတင်နှင့် မိုဒီတို့သည် ဒေါ်လာနှစ်ဘီလျံ တန်ဖိုးရှိ Krivak-class ဖရီးဂိတ်သင်္ဘော လေးစင်း၊ ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိ အပေါ့စား ရဟတ်ယာဉ် Ka-226 အစင်း ၂၀၀ တို့ကို ရောင်းချရန် သဘောတူညီချက်များကိုလည်း ဆွေးနွေးဖွယ်ရှိသည်။ တရုတ်၏သြဇာ မြင့်တက်လာနေမှုနှင့် ပြိုင်ဘက် ပါကစ္စတန်၏ အဆက်မပြတ် ခြိမ်းခြောက်နေမှုများကြောင့် ကာကွယ်ရေးစွမ်းရည် ကွာဟချက်များကို ဖြည့်ဆည်းရန် အိန္ဒိယသည် S-400 ကဲ့သို့ အဆင့်မြင့် လေကြောင်းကာကွယ်ရေး စနစ်များကို လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် ပြင်သစ်ထံမှ ဝယ်ယူခဲ့သော အငြင်းပွားဖွယ်ရာ ရာဖေးတိုက်လေယာဉ် ၃၆ စင်းနှင့် ယခုအခါ S-400 ကို ဝယ်ယူမှုတို့သည် အိန္ဒိယ၏ကာကွယ်ရေးစွမ်းရည်အား တိုးမြှင့်မှုဖြစ်ကြောင်း အိန္ဒိယလေတပ်အကြီးအကဲ ဘီရန်ဒါဆင်းဒါနိုအာက အောက်တိုဘာ ၃ ရက်တွင် ဆိုခဲ့သည်။

အသက် ၆၅ နှစ်ရှိ ပူတင်နှင့် အသက် ၆၈ နှစ်ရှိ မိုဒီတို့သည် အိန္ဒိယတွင် ရုရှား၏ ဒုတိယမြောက် နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်နိုင်ခြေအတွက်လည်း ဆွေးနွေးကြမည်ဖြစ်သည်။ မော်စကိုသည် လတ်တလောတွင် ကူဒန်ကူလမ်၌ အိန္ဒိယ၏ အကြီးဆုံးနျူကလီးယားစက်ရုံကို တိုးချဲ့နေသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် နယူးဒေလီက ၎င်းတို့၏ ပထမဆုံး လူလိုက်ပါသော အာကာသခရီးစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေစဉ် ရုရှားက အိန္ဒိယအာကာသယာဉ်မှူးများအား လေ့ကျင့်ပေးရန် ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးကြမည်ဖြစ်သည်။ MiG ဂျက်လေယာဉ်များ အပါအဝင် ဆိုဗီယက် ခေတ်လုပ်သက်တမ်းရင့်လက်နက် အများစုရှိသော စစ်တပ်ကို ခေတ်မီစေရန် အိန္ဒိယသည် ဒေါ်လာဘီလျံ ၁၀၀ သုံးစွဲရန် ရည်မှန်းနေသည်။

Most Read

Most Recent