ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လမှစတင်၍ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားနေပြီး ကလေးငယ် ၃၁၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ မေ ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူ အရေအတွက်ကလည်း ၄၁,၇၉၃ ဦးအထိ မြင့်တက်လာသည်။ "တချို့ကလေးတွေက ဆေးရုံရောက်လာကတည်းက အခြေအနေ တော်တော်လေး ဆိုးနေတာပါ" ဟု ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောကြားခဲ့သည်။
ဝက်သက်ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှတစ်ဆင့် အလွန်ကူးစက်လွယ်သည့် ရောဂါဖြစ်ပြီး ကူးစက်ခံရပါက သီးသန့်ကုသရန် ဆေးမရှိပေ။ နောက်ဆက်တွဲအနေဖြင့် ဦးနှောက်ရောင်ရမ်းခြင်းနှင့် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်လာတတ်သည်။ မည်သူမဆို ကူးစက်နိုင်ပြီး ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သည်။
လက်ရှိဘင်္ဂလားဒေ့ရှ်တွင် ဝက်သက်ကူးစက်မှု အများစုက အသက်ခြောက်လမှ ငါးနှစ်ကြား ကလေးငယ်များဖြစ်သည်။ ကျန်းမာရေးတာဝန်ရှိသူများက ယူနီဆက်ဖ်နှင့် WHO တို့၏ အကူအညီဖြင့် နိုင်ငံအတွင်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေကြသည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၉၅၀၀၀ ခန့်ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။
Ref: AFP















