ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီတတိယပတ်အထိ မီးလောင်မှုပေါင်း ၃၈ ကြိမ်ထိ ဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီတတိယပတ်အထိ မီးလောင်မှုပေါင်း ၃၈ ကြိမ်ထိ ဖြစ်ပွားခဲ့
Published 20 February 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၁၈ ရက် အထိ မီးလောင်မှုပေါင်း ၃၈ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း တန်ဖိုး ၄၁၀၈၄၅၀၀ ကျပ်ထိ ဆုံးရှုံးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၈ ဇန်နဝါရီမှစတင်ကာ တိုင်းဒေသကြီးအတွင်း နှစ်ရက်လျှင် တစ်ကြိမ်ခန့် မီးလောင်ကျွမ်းမှုဖြစ်ပွားနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီးပြီးပါက ဒုတိယမီးလောင်မှုအများဆုံး တိုင်းဒေသကြီးတစ်ခုအဖြစ်ရှိနေကြောင်း၊ မီးသတ်တပ်ဖွဲ့များမှ မီးသတိပေးခြင်း ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသည့်နေရာများကို ကြည့်ရှုစစ်ဆေးခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း နယ်မြေမီးသတ်စခန်းများ လွှမ်းခြုံနိုင်မှုမှာ ရာခိုင်နှုန်း ၈၀ ခန့်သာ ရှိနေသေးကြောင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အထိ တိုင်းဒေသ ကြီးအတွင်း မီးသတ်ယာဉ်ပေါင်း ၂၄၉ စီးသာ ရှိသေးပြီး ဖွဲ့စည်းပုံအရ ပြည့်မီရန်အတွက် မီးသတ်ယာဉ်ပေါင်း ၇၆ စီး ထပ်မံလိုအပ်နေ သေးပြီး ဖွဲ့စည်းပုံလိုအပ်ချက်အရ နယ်မြေမီး သတ်စခန်း ၃၃ ခု ထပ်မံဖွင့်လှစ်နိုင်ရန် လိုအပ်နေသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“၂၀၁၈ ခုနှစ် ဇန်နဝါရီမှာဆိုလို့ရှိရင် ဇန်နဝါရီတစ်လထဲမှာကို အကြိမ်ရေ ၂၅ ကြိမ် ဖြစ်ပွားခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုး ၃၅ သန်း ကျော်ပေါ့နော်။ နောက် ဖေဖော်ဝါရီထဲမှာဆိုလို့ရှိရင် မနေ့က ၁၈ ရက်အထိ မီးလောင်မှု အကြိမ် ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှု တန်ဖိုး ၅ ဒသမ ၅ သန်းခန့် ဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ အခု ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာ ရေးနှစ်မှာဆိုလို့ရှိရင် မီးသတ်စခန်းအနေနဲ့ ဆိုရင် မြို့နယ်မီးသတ်စခန်း နှစ်ခုနဲ့ နယ်မြေ မီးသတ်စခန်း နှစ်ခုပေါ့။ စခန်း လေးစခန်းပေါ့။ တိုးချဲ့ပြီးတော့ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မီးသတ်ယာဉ်အနေနဲ့ဆိုရင်တော့ မီးသတ်ယာဉ် ရှစ်စီးပေါ့။ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဝယ်ယူပြီးတော့ ဖြည့်တင်းနိုင်ခဲ့ပါတယ်။ အခုဆိုလို့ရှိရင် ဧရာဝတီတိုင်း ဒေသကြီးမှာ စခန်းပေါင်း ခရိုင်ရုံး ခရိုင်စခန်း ခြောက်ခု မြို့နယ်ရုံး မြို့နယ်စခန်းက ၂၆ စ ခန်းရယ် နယ်မြေမီးသတ်စခန်း ၈၆ စခန်းမှာ အခုလက်ရှိဖွင့်လှစ်နိုင်တာကတော့ ၅၃ စခန်း ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ လိုအပ်သေးတဲ့ ၃၃ စခန်းကိုလည်း ဆက်လက်ပြီးတော့ ဖွင့်လှစ် သွားမှာပါ။ မီးသတ်ယာဉ်အနေနဲ့ကတော့ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး အနေနဲ့ဆိုလို့ရှိရင် ရှိရမှာက ၃၂၅ စီး၊ ဒီနှစ်ဖြည့်တင်းပြီးဆိုရင် ၂၄၉ စီးတော့ ရရှိပါပြီ။ အစီးရေ ခုနစ်ဆယ် ရှစ်ဆယ်ကျော်လောက် တော့ လိုသေးတယ်ပေါ့။ ဒါတွေကလည်း လို သေးတယ်ဆိုတာက ဖွင့်လှစ်ရန်ကျန်သေးတဲ့ နယ်မြေမီးသတ်စခန်းတွေဖွင့်ပြီးမှ အခုလက်ရှိ ဧရာဝတီဒေသကြီးအနေနဲ့ဆိုရင် မီးသတ်စခန်းနဲ့ မီးသတ်ယာဉ်အနေနဲ့ဆိုရင်တော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်တော့ လုံလောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် မီးလောင်ကျွမ်းမှုပေါင်း  ၁၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၂ ဒသမ ၂၂ သန်း ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ကျွမ်း မှုအများဆုံး ဖြစ်ပွားတတ်သည့်လများမှာ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent