ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်တွင် စတုတ္ထမြောက်ဟက်ထရစ်သွင်းယူသူအဖြစ် ဒီဘားလား မှတ်တမ်းဝင်

ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်တွင် စတုတ္ထမြောက်ဟက်ထရစ်သွင်းယူသူအဖြစ် ဒီဘားလား မှတ်တမ်းဝင်
Published 3 October 2018

 

အင်္ဂါနေ့ကကစားခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ် ယန်းဘွိုင်းစ်အသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ သည့် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားသည်ဂျူဗင်တပ်စ်အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စတုတ္ထမြောက်ဟက်ထရစ် သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဒီဘားလားသည် ယန်းဘွိုင်းစ်အသင်းကို ဂျူဗင်တပ်စ်အသင်းက အိမ်ကွင်း၌ (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲချိန် (၅)မိနစ်၊ (၃၃)မိနစ်နှင့် (၆၉)မိနစ်များတွင် ဂိုးများသွင်းယူပေးခဲ့ခြင်းလည်းဖြစ်သည်။

ဒီဘားလားမတိုင်မီ ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သော ကစားသမားများမှာ တိုက်စစ်မှူး ဖိလစ်ပိုအင်ဇာဂီ၊ ဒယ်လ်ပီယာရိုနှင့် ကွင်းလယ်လူ ဗီဒယ်လ်တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘိုလော့ဂ်နာအသင်းနည်းပြအဖြစ် ဆောင်ရွက်နေသည့် ဖိလစ်ပိုအင်ဇာဂီသည် ၁၉၉၈ ခုနှစ်၊ မတ်လအတွင်းကစားခဲ့သော ဒိုင်နမိုကိဗ်အသင်းကို ဂျူဗင်တပ်စ်အသင်း (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်  ကွာတားဖိုင်နယ်ပွဲတွင် ဟက်ထရစ်တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလအတွင်းကစားခဲ့သော ဟမ်းဘတ်အသင်း နှင့် ဂျူဗင်တပ်စ်အသင်း (၄)ဂိုးစီသရေကျခဲ့သည့်အုပ်စု အဆင့်ပွဲတွင် တစ်ကြိမ်၊ စုစုပေါင်း (၂)ကြိမ်တိုင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

ဒယ်လ်ပီယာရိုသည် ၁၉၉၈ ခုနှစ်၊ ဧပြီလအတွင်းကစားခဲ့သည့် မိုနာကိုအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောဆီမီးဖိုင်နယ်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီး၊ ဗီဒယ်လ်မှာမူ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာအတွင်း ကစားခဲ့သည့် ကိုပင်ဟေဂင်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောအုပ်စုအဆင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယန်းဘွိုင်းစ်အသင်းနှင့်ပွဲအပြီးတွင် ဟက်ထရစ်ရှင် ဒီဘားလားက " ဒီလိုပွဲမျိုးကို ကျွန်တော်လိုချင်ခဲ့တာပါ၊ ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပါပြီ။ ပွဲတိုင်းကို အာရုံစူးစိုက်မှုအထူး ကောင်းမွန်စွာ ကစားနေနိုင်တယ်။ ကျွန်တော်က အခြားကစားသမားတွေလိုပဲ ပွဲတိုင်းမှာ ပါဝင်ကစားချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတုန်းက ရာသီအစမှာသာ ဂိုးတွေသွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်ရဲ့ ခြေစွမ်းမတည်ငြိမ်ခဲ့ပါဘူး။ ဒီရာသီမှာ အဲဒီအခြေအနေမျိုးမဖြစ်အောင် ကျွန်တော် ပိုပြီးကြိုးစားနေပါတယ်" ဟု ပြောကြားခဲ့သည်။

ယန်းဘွိုင်းစ်အသင်းနှင့်ပွွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို ဝင်ရောက်မကစားနိုင်ခဲ့ဘဲ ယင်းအခြေအနေနှင့်ပတ်သက်၍ ဒီဘားလားက "သူမပါတဲ့အချိန်မှာ ကျွန်တော်တို့အသင်းကစားပုံ သက်သောင့်သက်သာပိုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူပါ၊ မပါပါ ကစားပုံကောင်းမွန်အောင် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်" ဟု မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent