NCA လက်မှတ်ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ ဆဋ္ဌမအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

NCA လက်မှတ်ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ ဆဋ္ဌမအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်
Published 10 August 2017

ဓာတ်ပုံ ■ ကျော်ဇင်ဝင်း

ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီ(UNFC)၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့သည် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ တစ်နိုင်ငံလုးံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးနိုင်ရေး ဆဋ္ဌမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့(သြဂုတ် ၁၀ ရက်) နံနက်ပိုင်းမှစတင်ပြုလုပ်လျက်ရှိသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ပြီး၊ DPN ဘက်မှ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်ဦးဆောင်ကာ ကျန်အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးလျက်ရှိသည်။

ထို့ပြင် ဆွေးနွေးပွဲလေ့လာသူများအဖြစ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကိုယ်စား ကိုယ်စားလှယ်သုံးဦး တက်ရောက်လျက်ရှိသည်။