လက်စတာ (၁-၁) ဝက်စ်ဟမ်းပွဲအပြီး ဖြစ်ပွားခဲ့သည့် လက်စတာအသင်းဥက္ကဋ္ဌ ဗီချိုင်းပိုင် ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းဥက္ကဋ္ဌကိုယ်တိုင် ပါဝင်သွားကြောင်း သိရသည်။
လက်စတာအသင်းနှင့် King Power ပိုင်ရှင် ဗီချိုင်းမိသားစုနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက King Power ကွင်းပြင်ပ ရဟတ်ယာဉ်ပျက်ကျမှု၌ အသင်းဥက္ကဋ္ဌ ဗီချိုင်းကိုယ်တိုင် ပါဝင်ခဲ့သည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း BBC ရုပ်သံသတင်းဌာန၏ အရှေ့တောင်အာရှသတင်းထောက်ဖြစ်သူ ဂျိုနသန်ဟတ်ဒ်က သူ၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
သို့သော် ဗီချိုင်းနှင့်အခြေအနေနှင့်ပတ်သက်ပြီး လက်စတာအသင်းနှင့် မိသားစုက အတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
(၆၁)နှစ်အရွယ်ရှိ ဗီချိုင်းသည် လက်စတာ-ဝက်စ်ဟမ်းပွဲကို ကြည့်ရှုခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ဗီချိုင်းအကြောင်း တစေ့တစောင်း
- ကလေး(၄)ဦး၏ဖခင်ဖြစ်
- ၁၉၈၉ တွင် ထိုင်းနာမည်ကြီး Duty-free ဆိုင်ဖြစ်သည့် King Power ကို စတင်တည်ထောင်ခဲ့
- ထိုင်းနိုင်ငံ၏ ပဥ္စမမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်
- Forbes မှထုတ်ပြန်မှုတွင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၄.၉)ဘီလီယံရှိ
- လက်စတာအသင်းကို ၂၀၁၀ ပြည့်နှစ်တွင် ပေါင်(၃၉)သန်းဖြင့်ဝယ်ယူ
- ဘယ်လ်ဂျီယံဒုတိယတန်းကလပ် OH Leuven အသင်းကိုလည်း ပိုင်ဆိုင်ထား