စပါးအသင်းရဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ဟာ (၈)လဝန်းကျင် အနားယူရမှာဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှ ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
ဇာဗီဆိုင်မွန်ဟာ ဝုလ်ဗ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာ ဖြစ်နေတာကြောင့် ကာလရှည်အနားယူရမှာပါ။
''ဘဝက ရက်စက်တတ်တယ်ဆိုတာကို ဒီနေ့ ကြုံတွေ့ခံစားရပါပြီ။ ကျွန်တော့်ရဲ့ရာသီက ရုတ်တရက်အဆုံးသတ်သွားခဲ့ပြီး ဒါကို လက်ခံနိုင်ဖို့ ကြိုးစားနေရပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော် အသည်းကွဲခဲ့ပါတယ်။ ကျွန်တော် အသင်းအတွက် တိုက်ပွဲဝင်ချင်ခဲ့တာပါ။ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ချင်ခဲ့တာပါ'' လို့ ဇာဗီဆိုင်မွန်က ပြောကြားခဲ့ပါတယ်။
ဇာဗီဆိုင်မွန်ဟာ ၂၀၂၅ နွေရာသီမှာ လိုက်ပ်ဇစ်ကနေ စပါးအသင်းကို ပေါင်(၅၁.၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားတာပါ။
စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၄၁)ပွဲ ကစားအပြီးမှာပဲ ကာလရှည်အနားယူရတော့မှာဖြစ်ပြီး စပါးအသင်းအနေနဲ့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်နေရချိန်ဖြစ်တာကြောင့် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။
ဇာဗီဆိုင်မွန်ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက်တော့ (၃၄)ပွဲကစားပြီး (၆)ဂိုး သွင်းယူပေးထားပါတယ်။















