အီဂျစ်လက်ရွေးစင်အသင်းရဲ့ မီဒီယာတာဝန်ခံဖြစ်တဲ့ မူဟမ်မက်မူရတ်ဒ်က လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအနေနဲ့ လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားမယ့် အသင်းသစ်ရဲ့အမည်ကို မကြာခင် ကြေညာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်ဇွန်လမှာ အသက်(၃၄)နှစ်ပြည့်မယ့် ဆာလာဟာ (၉)နှစ်ကြာ ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ရာသီကုန်မှာ လမ်းခွဲတော့မှာဖြစ်ကြောင်း မတ်လအတွင်း အတည်ပြုကြေညာထားပါတယ်။
ဆာလာဟာ ဒီရာသီမှာ အရင်ရာသီတွေလောက် ခြေစွမ်းပြနိုင်ခြင်းမရှိပေမဲ့ ထိပ်တန်းအဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်တာကြောင့် ခေါ်ယူလိုတဲ့ အသင်းများစွာရှိနေကြောင်း သိရပါတယ်။
ဆာလာကို ဆော်ဒီနဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေရော ဥရောပကလပ်အသင်းတွေကပါ ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဆာလာက ဥရောပမှာ ဆက်ကစားဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။
''ဆာလာကို အီတလီနဲ့ ပြင်သစ်ကရော ကမ္ဘာတစ်လွှားက တခြားထိပ်သီးအသင်းတွေကပါ ကမ်းလှမ်းထားကြကြောင်း သတင်းတွေရေးသားနေကြပါတယ်။ ဒါ မှန်ပါတယ်။ သူက ဘယ်အသင်းအတွက်မဆို ကြီးမားတဲ့အားဖြည့်မှု ဖြစ်စေမှာပါ။ ဆာလာ ဘယ်အသင်းကိုပဲရွေးရွေး ကျွန်တော်တို့က ပံ့ပိုးကူညီသွားမှာပါ။ ဆော်ဒီက ကမ်းလှမ်းမှုတွေလည်း သူ ရရှိထားပါတယ်။ သူ့ရဲ့ အသင်းသစ်ကို လာမယ့်ရက်အနည်းငယ်အတွင်း ကြေညာလိမ့်မယ်လို့ ထင်ပါတယ်'' လို့ မူရတ်ဒ်က ပြောကြားခဲ့ပါတယ်။















