ရက်ဘူးလ်အဖွဲ့ရဲ့ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ ယာဂန်ကလော့ပ်က နယူးယောက်ရက်ဘူးလ်အသင်းရဲ့ လေ့ကျင့်ရေးပစ္စည်းအသစ်တွေက နည်းပြဘဝကို လွမ်းအောင် ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ယာဂန်ကလော့ပ်ဟာ မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းသစ် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
နယူးယောက်ရက်ဘူးလ်အသင်းဟာ ဒေါ်လာ ၁၁၂ သန်း အကုန်အကျခံတည်ဆောက်ထားတဲ့ လေ့ကျင့်ရေးကွင်းသစ်ကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့ပြီး ယာဂန်ကလော့ပ်နဲ့အတူ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အွန်နရီ၊ အီယန်ရိုက်၊ ဒက်စ်မက္ကာတီတို့လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
''ဒီနေ့မနက် ဒီထဲ လမ်းလျှောက်တဲ့အချိန်မှာ ဒါဟာ ငါလွမ်းဆွတ်နိုင်တဲ့ တစ်စုံတစ်ရာပါလားလို့ တွေးမိခဲ့ပါတယ်။ ကျွန်တော် နည်းပြဘဝကို ကျောခိုင်းလိုက်ချိန်ကတည်းက ဘာကိုမှ ကျွန်တော် မလွမ်းခဲ့ပါဘူး။ ဒါပေမဲ့ ရာသီဥတု သာယာတဲ့နေ့တစ်နေ့နဲ့တူတဲ့ အဆောက်အအုံထဲ ဝင်လိုက်တဲ့အခါ ဘုရားသခင်ကို ကျေးဇူးတင်သလို၊ နည်းပြလောကထဲ ပြန်ဝင်ချင်သွားပါတယ်''လို့ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းမှာ အောင်မြင်မှုရရှိနေပေမဲ့ လမ်းခွဲကာ ရက်ဘူးလ်အဖွဲ့ရဲ့ ဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဒါပေမဲ့ လာမယ့်ရာသီမှာ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရပါတယ်။















